ငါးမျိုးစိတ်ထိန်းသိမ်းရေး

ငါးမျိုးစိတ်ထိန်းသိမ်းရေး

သယံဇာတအရင်းအမြစ်ပေါကြွယ်ဝပြီး တစ်မူထူးခြားလှသည့် မုတ္တမပင်လယ်ကွေ့ဒေသသည် ဒေသ ခံများ၏ အဓိကအသက်မွေးဝမ်းကြောင်းဖြစ်သည့်  ငါးလုပ်ငန်းကဏ္ဍအတွက် အလွန်တရာအရေးပါ လှသည်။ သို့ရာတွင် တရားမဝင်ငါးဖမ်းခြင်း၊ စောင့်ကြည့်လေ့လာမှုအားနည်းခြင်း၊ ကျက်စားရာ နေရာများ ပျောက်ဆုံးခြင်း (ဥပမာ - ဒီရေတောများ ပြုန်းတီးခြင်း၊ သဲသောင်တူးခြင်း) တို့ကြောင့် ငါးလုပ်ငန်းကဏ္ဍမှာ အခက်အခဲများစွာ ကြုံတွေ့နေရပါသည်။ ထို့ပြင် ငါးများအလွန်အကျွံ ဖမ်းဆီးမှု နှင့် ငါးများမတော်တဆဖမ်းမိသေဆုံးမှုတို့ကြောင့် ငါးလုပ်ငန်းကဏ္ဍသည် သဘာဝပတ်ဝန်းကျင်ကို ဆိုးကျိုးများစွာ သက်ရောက်စေနိုင်ပါသည်။ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ပင်လယ်နေနို့တိုက် သတ္တဝါများ မတော်တဆဖမ်းဆီးသေဆုံးမှုများကိုလည်း တွေ့ရပါသည်။ မြန်မာနိုင်ငံတစ်ဝန်းတွင် ကြုံတွေ့နေရသည့် ထင်ရှားသည့် သဘာဝပတ်ဝန်းကျင်အန္တရာယ်မှာ မုတ္တမပင်လယ်ကွေ့ဒေသရှိ တစ်နိုင်တစ်ပိုင်ငါးဖမ်းလုပ်ငန်းအပေါ် ဆိုးကျိုးသက်ရောက်မှုရှိပုံမပေါ်သည့် ပလတ်စတစ်စွန့်ပစ် ပစ္စည်းများပင်ဖြစ်သည်။ ထို့ပြင် ထူးခြားလှသည့် မုတ္တမပင်လယ်ကွေ့၏ သဘောသဘာဝအရ မြေဆီ မြေဩဇာကောင်းမွန်သောမြေယာများသည် ရေတိုက်စားမှုကြောင့် ပြိုကျကုန်ပြီး ရွှံ့လတာပြင်များ အဖြစ် နုန်းများပြန်လည်ပို့ချကာ မြေယာအသစ်များ တစ်ဖန်ပေါ်ပေါ်လာစေခြင်းဖြစ်စဉ်တွင် ကောင်းကျိုးအများအပြားနှင့် စိန်ခေါ်မှုများစွာတို့ ပါဝင်နေပါသည်။

ဒေသခံပြည်သူများ၊ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ထားသည့် ငါးလုပ်ငန်းကဏ္ဍ၊ ထိန်းသိမ်း ကာကွယ်ရန်လိုအပ်သည့် သက်ရှိမျိုးစိတ်များနှင့် ကျက်စားရာနေရာများအတွက် ကောင်းမွန်သော အကျိုးသက်ရောက်မှုများရရှိစေရန် ရည်ရွယ်၍ ပင်လယ်ကွေ့ဒေသရှိငါးလုပ်ငန်းကဏ္ဍကို အလုံးစုံ စီမံခန့်ခွဲနိုင်ရန် စီမံချက်သည် မုတ္တမပင်လယ်ကွေ့ဒေသ၏ဂေဟစနစ်တစ်ရပ်လုံးကို ထောင့်ပေါင်းစုံမှ ရှုမြင်၍ ငါးလုပ်ငန်းကဏ္ဍအား စီမံခန့်ခွဲမှုအပေါ် အဓိကဦးတည်ကာ ဂေဟစနစ်အခြေပြုငါးလုပ်ငန်း စီမံခန့်ခွဲမှု (Ecosystem Approach to Fishery Management –EAFM) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

အဓိကလုပ်ငန်း - မုတ္တမပင်လယ်ကွေ့ဒေသတွင် တရားမဝင်ငါးဖမ်းခြင်း ပပျောက်အောင် ဆောင်ရွက်ခြင်း

မုတ္တမပင်လယ်ကွေ့ဒေသရှိ ကျေးရွာများမှရေလုပ်သားများ၏ အဓိကပြဿနာတစ်ရပ်မှာ ရွှံ့လတာ ပြင်များတွင် ၁-၅ ကီလိုမီတာရှည်လျားပြီး (၆မီလီမီတာ၊ ၀.၂၄လက်မ) အရွယ်အစားရှိသည့် သံဇကာ ပိုက်ဟုခေါ်သော တရားမဝင်ငါးဖမ်းပိုက်များဖြင့် ငါးဖမ်းလှေ ၂ စင်း ၃ စင်းတို့က ငါးများ လာရောက် ဖမ်းဆီးကြခြင်းပင်ဖြစ်သည်။ သံဇကာပိုက်ဖြင့် ငါးဖမ်းခြင်းမှာ နှစ်ပေါင်း ၂၀ ခန့်ကြာမြင့်ပြီဖြစ်သည်။ ကျိုက်ထိုမြို့နယ်မှ အကြီးစားနှင့် အလတ်စားငါးလုပ်သား ၄၀ ခန့်သည် ဤငါးဖမ်းနည်းကို ကျင့်သုံး ခဲ့ကြပြီး ငါးအမြောက်အများဖမ်းမိကာ အဓိကအားဖြင့် ငါးပိလုပ်ရန် အသုံးပြုသည့် ငါးပေါက်စလေး များကို ပိုမိုဖမ်းဆီးရရှိပါသည်။ ရေလုပ်သားများကလည်း “ပိုက်နဲ့မိလို့ကတော့ ရေပဲလွတ်တယ်” ဟု ဆိုပါသည်။

ကျေးရွာငါးလုပ်သားများ၊ ငါးလုပ်ငန်းဖွံ့ဖြိုးရေးအဖွဲ့များ၊ မွန်ပြည်နယ်ငါးလုပ်ငန်းအဖွဲ့မှ ငါးလုပ်ငန်း အဖွဲ့ဝင်များ၊ ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်နှင့် မုတ္တမပင်လယ်ကွေ့ စီမံချက်တို့၏ ကြိုးစားအားထုတ်မှုဖြင့် မုတ္တမပင်လယ်ကွေ့ဒေသတွင် ပါဝင်လျက်ရှိသည့် ပဲခူးတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်ဘက်ခြမ်းမှဒေသများကို ပုံမှန်ကင်းလှည့်စစ်ဆေးမှုများ ပြုလုပ်ကြပြီး ကင်းလှည့်စစ်ဆေးရေးအဖွဲ့တွင် မြို့နယ်ငါးလုပ်ငန်းဖွံ့ဖြိုးရေးအဖွဲ့၊ ငါးလုပ်ငန်းဦးစီးဌာန၊ မွန်ပြည် နယ်ငါးလုပ်ငန်းအဖွဲ့၊ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ကျေးရွာပြည်သူ့စစ်တို့ပါဝင် ပါသည်။ ကင်းလှည့်အဖွဲ့သည် ၂၀၁၈ ခုနှစ်မှစတင်၍ ငါးဖမ်းလှေ ၂၈ စင်းကိုဖမ်းဆီးရမိခဲ့ပြီး ငါးဖမ်း ပိုက် ၆၈ ကီလိုမီတာကို ဖမ်းဆီးဖျက်ဆီးကာ ငါးလုပ်သား ၁၇ ဦးကို ဖမ်းမိ၍ လှေပိုင်ရှင်များအား ဒါဏ်ငွေ (၅၀၀,၀၀၀ ကျပ်၊ အမေရိကန်ဒေါ်လာ ၃၈၅ ဒေါ်လာ) ပေးဆောင်စေခဲ့သည်။ ဘီးလင်း မြို့နယ်တွင် ဒေသခံငါးလုပ်သားများပါဝင်သည့် ကျေးရွာကင်းလှည့်အဖွဲ့ကို ထပ်မံဖွဲ့စည်းထားသည်။ ငါးလုပ်ငန်းဦးစီးဌာန၏ဘတ်ဂျက်မှရရှိသည့် ရန်ပုံငွေနှင့်အတူ စီမံချက်က ၎င်း၏ရန်ပုံငွေနှင့် လှေ ၂ စင်းကို ထောက်ပံ့ပေးထားပါသည်။ ၂၀၁၉ ခုနှစ်နှောင်းပိုင်းအထိ တရားမဝင်ငါးဖမ်းသူအရေအတွက် မှာ ၅၀ ရာခိုင်နှုန်း (၄၀ မှ ၂၀) အထိ ကျဆင်းသွားပြီး မကြာသေးမီက ဆက်သွယ်မေးမြန်းချက်များ အရ ယခုမူ ၆ ဦးအထိ လျော့ကျသွားပြီဖြစ်ကြောင်း သိရှိရသည်။

မုတ္တမပင်လယ်ကွေ့ဒေသရှိ ရေလုပ်သားများနှင့် ငါးအဝယ်ဒိုင်များအားလုံး၏ ပြောကြားချက်အရ တရားမဝင်ငါးဖမ်းခြင်းလျော့နည်းသွားခြင်းကြောင့် ငါးများ ပိုမိုဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရှိ ရသည်။ ဝယ်သူအချို့က လွန်ခဲ့သော ၃နှစ်ကထက် ၃ ဆ ပိုမိုတိုးပွားလာကြောင်းလည်း ပြောကြား သည်။ ငါးများဖမ်းဆီးရရှိမှုသည် နှစ်စဉ်တိုးပွားလာပြီး ၂၀၂၀ ခုနှစ်အတွင်း ဖမ်းဆီးရရှိမှုသည် လွန်ခဲ့ သော ၅ နှစ်အတွင်း အများဆုံးဖြစ်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှစတင်၍ ၂.၆ ဆ တိုးပွားလာပြီး ၂၀၁၉ ခုနှစ် ထက် ၃၀ ရာခိုင်နှုန်း မြင့်မားခဲ့သည်။ သို့ရာတွင် လက်ရှိနိုင်ငံရေးအခြေအနေနှင့် COVID-19 ကူးစက် ရောဂါပျံ့နှံ့ဖြစ်ပွားမှုများကြောင့် အသွားအလာကန့်သတ်မှုများရှိသဖြင့် ကင်းလှည့်စစ်ဆေးခြင်းကို ဆိုင်းငံ့ထားရသည်။