ဂေဟစနစ်နှင့် မုတ္တမပင်လယ်ကွေ့ဒေသအကြောင်း တစေ့တစောင်း

ဂေဟစနစ်နှင့် မုတ္တမပင်လယ်ကွေ့ဒေသအကြောင်း တစေ့တစောင်း

ကျေးရွာလူထုဒေသခံများအား အသိပညာနှင့် ဗဟုသုတများရရှိလာအောင် လုပ်ဆောင်ရသည့်လုပ်ငန်းသည် အမြင်အရ လွယ်ကူရိုးရှင်းနိုင်သော်လည်း လက်တွေ့တွင်မူ မလွယ်ကူပါ။ ဒေသခံများမှ ရရှိလိုက်သည့် ဗဟုသုတတို့ပေါ်တွင်အခြေခံ၍ ၎င်းတို့၏ လက်ရှိအတွေးအမြင်များ၊ အမူအကျင့်များ၊ စိတ်ထားခံယူချက်များ ပြောင်းလဲသွားမှသာလျှင် ရည်မှန်းထားသည့်ပန်းတိုင်ကို ရရှိနိုင်မည်ဖြစ်ပေသည်။ တနည်းအားဖြင့် “အမြင်ဖွင့်”လုပ်ငန်းများ (Awareness Raising) ဟုလည်းခေါ်ဆိုနိုင်ပါသည်။ ထိုကဲ့သို့ အမြင်ဖွင့်လုပ်ငန်းများအား အကောင်အထည်ဖေါ်သည့်အခါ နည်းလမ်းပေါင်းစုံထဲမှ နည်းပညာဆိုင်ရာနှင့် အခြားဆက်စပ်ကဏ္ဍများပါဝင်သည့် စာပေများ ရေးသား ဒေသခံများ ဖတ်မှတ်နိုင်အောင် လုပ်ဆောင်ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ် ပါသည်။ ဒေသခံများမှလည်း စာဖတ်သည့်အလေ့အကျင့်ကောင်းများရှိနေရန်လည်း လိုအပ်ပါသည်။

မုတ္တမပင်လယ်ကွေ့စီမံကိန်းသည် စီမံကိန်းသက်တမ်းကာလတစ်လျှောက် သက်ဆိုင်ရာကဏ္ဍများအလိုက် အသိပညာ၊ ဗဟုသုတပိုင်းဆိုင်ရာမြှင့်တင်ခြင်းလုပ်ငန်း များသည်လည်း အရေးကြီးကဏ္ဍတစ်ခုအဖြစ် ပါဝင်လျှက်ရှိနေပေသည်။ ယခုအခါ စီမံကိန်း၏ နောက်ဆုံးသက်တမ်း (၂၀၂၂-၂၀၂၅)ကာလသို့ပင် ရောက်ရှိလာပြီး အထူးသဖြင့် မုတ္တမပင်လယ်ကွေ့ဒေသရှိ ဒေသနေလူထု၏ နေ့စဉ်ဘဝများ အဆင်ပြေချောမွေ့နေစေရန်အတွက် ၎င်းတို့မှီခိုနေရသည့် ဂေဟစနစ်များ၏ အရေးပါပုံနှင့် နောင်မျိုးဆက်များအား လက်ဆင့်ကမ်း သယ်ဆောင်နိုင်ရန်အတွက်ဂေဟစနစ်”များအကြောင်းအား စာရေးသူ လက်လှမ်းမီသလောက် ယခုဆောင်းပါးဖြင့် ဖေါ်ပြသွားမည် ဖြစ်သည့်အပြင် စီမံကိန်းဧရိယာအတွင်းရှိ ဒေသနေလူထုမှ ဖတ်မှတ်နိုင်အောင် ရည်ရွယ်ရေးသားခြင်း ဖြစ်သည့်အတွက် ပိုမိုသိရှိလိုပါက ပြည်တွင်းပြည်ပပညာရှင်များ၏ စာတမ်းများ၊ အွန်လိုင်း(online Website)များတွင်လည်း ထပ်မံလေ့လာ နိုင်ပါသည်။

ဂေဟစနစ်” (Ecosystem) ဟူသော စကားရပ်ကို အင်္ဂလိပ်လူမျိုး ရုက္ခဗေဒပညာရှင် A.G.Tansley မှ စတင်သုံး စွဲခဲ့ပါသည်။ သက်ရှိများအချင်းချင်းနှင့် သက်မဲ့ပတ်ဝန်းကျင်တို့ အပြန်အလှန်ဆက်သွယ်မှု ရှိနေကြသည့် ဖွဲ့စည်းမှုပုံစံ ဖြစ်ကြသည့် အဝန်းအဝိုင်း၊ ဧရိယာ၊ နေရာဒေသတစ်ခု”ဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါသည်။ ကမ္ဘာပေါ်ရှိ ဂေဟစနစ်အမျိုးအစားများ၊ လူသားတို့မှ ရရှိသုံးစွဲနေကြသော ဂေဟစနစ်ဝန်ဆောင်မှုများ(Ecosystme Services)အကြောင်းအား မုတ္တမ ပင်လယ်ကွေ့ဒေသ အထူးသဖြင့် စီမံကိန်းဧရိယာအတွင်းရှိ အခြေအနေများဖြင့် နှိုင်းယှဉ်ဖေါ်ပြသွားမည်ဖြစ်ပါသည်။

ဂေဟစနစ်အမျိုးအစားများ၊ 

ဂေဟစနစ်ကို အဓိကအားဖြင့် (၂) မျိုးခွဲခြားသိရှိနိုင် ပါသည်။

၁) ကုန်းမြေဂေဟစနစ် (Terrestrial Ecosystem)

ကုန်းမြေဂေဟစနစ်ဆိုသည်မှာ လူသားများ အများဆုံးနေထိုင်ရာနှင့် အလုပ်လုပ်ကိုင်ရာနေရာဖြစ်ပါသည်။ တနည်းအားဖြင့် မြေယာအခြေပြု(Land-based ecosystem) ဂေဟစနစ်ဟု ခေါ်ဆိုနိုင်ပါသည်။ မြန်မာ နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အလျှောက် လယ်ယာမြေများသည် ကုန်းမြေဂေဟစနစ်ထဲတွင် ပါဝင်ပါသည်။ ယနေ့အချိန်အခါတွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာနှင့်အဝှမ်းရှိ လယ်ယာကုန်ထုတ်လုပ်ငန်းများသည် ရာသီဥတုပြောင်းလဲခြင်းနှင့် လူတို့၏ပယောဂများကြောင့် အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်ရလျှက်ရှိပါသည်။ တနည်းအားဖြင့် ရာသီဥတုပြောင်းလဲခြင်းကြောင့် ကုန်းမြေဂေဟစနစ်များ ပျက်စီးလာခြင်းဖြစ်ပါသည်။ ဥပမာအားဖြင့် ထိုကဲ့သို့အခြေအနေများကို အချိန်မှီကုစားနိုင်ရန်ပညာရှင်များမှ စိုက်ပျိုးရေးကဏ္ဍနှင့်ပတ်သက်၍ဂေဟစနစ်အခြေပြု လိုက်လျှောညီထွေထုတ်လုပ်ခြင်း” (Ecosystem Based Adaption)နည်းစနစ်များကို အကောင်အထည်ဖေါ်နေကြခြင်း ဖြစ်ပါသည်။ မုတ္တမပင်လယ်ကွေ့စီမံကိန်းတွင်လည်း အလားတူလုပ်ငန်းများ အကောင်အထည်ဖေါ်လျှက်ရှိပါသည်။ ဥပမာ- SRP(Sustainable Rice Production)။ ပထဝီဝင် အနေအထား(တနည်း)မြေမျက်နှာသွင်ပြင်ပေါ်မူတည်ပြီး ကုန်းမြေဂေဟစနစ်များလည်း ကွဲပြားသွားပါသည်။

၁.၁) သစ်တောဂေဟစနစ် (Forest Ecosystem) - ၎င်းစနစ်တွင် မျိုးစုံသောအပင်များ၊ တိရိစ္ဆာန်များ၊ သေးငယ်သောဇီဝသက်ရှိများသည် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျှောညီထွေစွာ ညှိနှိုင်းနေထိုင်လျှက်ရှိကြပါသည်။ သစ်တောဂေဟစနစ်တွင် အင်တိုင်းတော(Thick Forest of gravel and coarse sand)၊ ဆားနယ်မြေတော (Manure OR Salt Forest)၊ ဂဝံကျောက်တော (Gwan Kyauktaw) ယာယီ ခြောက်သွေ့တော (Temporary Dry Forest) အထက်ရွက်ပြတ်ရောတောခြောက် (Dry Forest)၊ အမြဲစိမ်းတော(Rain-forest or Evergreen Forest) ဒီရေတော(Saltwater OR Mangrove Forest) စသည် တို့ပါဝင်ကြပါသည်။

မြက်နှင့်သစ်ပင်ကြီးငယ်တို့မည်သည်ရေ၊ မြေဩဇာ၊ ရာသီဥတု၊ ဒေသနှင့်အခြားသောအချက်အလက်များကို လိုက်၍ပေါက်ကြသည်။ သို့သော်အပင်မျိုးချင်းမတူသော်လည်း ကျင့်ချင်းတူသောအပင်တို့သည် တစ်နေရာတွင်စုပြုံ၍ ပေါက်လေ့ရှိကြ၏။ ထို့ကြောင့် မြေဩဇာ၊ ရာသီဥတုအချက်အလက်အမျိုးမျိုး ကွဲပြားလျှက်နေသော မြန်မာနိုင်ငံတွင် မျက်မြင်အားဖြင့် တောများတဆက်တည်း ဖြစ်နေသော်လည်း သူ့အစုနှင့်သူ ပေါက်နေသောအပင်တို့မှာ အပင်မျိုးချင်းမတူဘဲ၊ အကျင့်ချင်းတူသော အပင်မျိုးများသာ များသည်ကို တွေ့ရသည်။ မုတ္တမပင်လယ်ကွေ့စီမံကိန်းသည် ပဲခူးဘက်တွင် (၃)မြို့နယ်နှင့် မွန်ပြည်နယ်တွင် (၅)မြို့ နယ် အထူးသဖြင့် စစ်တောင်းမြစ်ဘေးရှိ ကျေးရွာများတွင် လုပ်ငန်းများ လုပ်ကိုင်လျှက်ရှိရာ ပဲခူးဘက်ခြမ်းတွင် ကဝမြို့နယ်၊ မွန်ပြည်နယ်တွင် ဘီးလင်း၊ သထုံ၊ ပေါင်၊ ချောင်းဆုံမြို့နယ်များတွင် ဒီရေတောဂေဟစနစ်များ များစွာတည်ရှိနေသည်ကို သိမြင်နိုင်ပါသည်။

၁.၂) မြက်ခင်းပြင်ဂေဟစနစ် (Grassland Ecosystem) - ၎င်းစနစ်မှာ အပင်များသည် အများအားဖြင့် မြက်ခင်းများနှင့် ဟင်းသီးဟင်းရွက်များရှိပြီး စိုက်ပျိုးရန်အတွက်လည်း အခြေအနေရှိပါသည်။ အပူပိုင်းမြက်ခင်းပြင်၊ ဆာဗားနားမြက်ခင်းပြင်များသည် ကမ္ဘာ့နာမည်ကျော်မြက်ခင်းပြင်ဂေဟစနစ်များ ဖြစ်ကြပါသည်။ သို့သော် တမူထူးခြားမှုရှိသည့် မုတ္တမပင်လယ်ကွေ့ဒေသတွင်မူ ဒီရေအတက်အကျကြောင့် နှစ်အပိုင်းအခြားအလိုက် သောင်နုန်းမြေများပေါ်ထွန်းလျှက်ရှိပါသည်။ အဆိုပါသောင်မြေများပေါ်တွင် နတ်စပါးကဲ့သို့ မြက်နှင့်အခြား မျိုးစိတ်မြက်များ ပေါက်ရောက်နေကြသည့်အတွက် စာရေးသူအနေဖြင့် ရွံ့လတာပြင်များသည်လည်း မြက်ခင်းပြင်ဂေဟစနစ်တွင် အကျုံးဝင်နိုင်မည်ဟု ယူဆမိပါသည်။ သို့ပါသော်လည်း ကမ္ဘာ့မြက်ခင်းပြင်ကြီးများကဲ့သို့မူ တည်ငြိမ်မှုမရှိနိုင်ပါ။

၁.၃) စိမ့်မြေလွင်ပြင်ဂေဟစနစ် - စိမ့်မြေလွင်ပြင်ဂေဟစနစ်သည် သစ်ပင်များရှားပါးပြီး အေးသောရာသီဥတု(သို့) မိုးရွာသွန်းမှုနည်းပါးသော ဒေသများတွင်တွေ့ရပြီး တစ်နှစ်ပတ်လုံး ဆီးနှင်းများဖုံးလွှမ်းနေတတ်ပါသည်။ အာတိတ်(သို့)တောင်ထိပ်ရှိ ဂေဟစနစ်များသည် ၎င်းအမျိုးအစားများဖြစ်ကြပြီး မုတ္တမပင်လယ်ကွေ့ဒေသတွင်မူ အဆိုပါဂေဟစနစ်အားမတွေ့ရပါ။

၁.၄) သဲကန္တာရဂေဟစနစ် (Desert Ecosystem) - သဲကန္တာရဂေဟစနစ်များသည် မိုးရွာသွန်းမှု အလွန် နည်းသောဒေသများဖြစ်ကြသည့် ဆာဟာရသဲကန္တရ၊ ဂိုဘီသဲ ကန္တရများ ကမ္ဘာတွင်ထင်ရှားသည့် သဲကန္တရဂေဟစနစ်နမူနာ များဖြစ်ကြပါသည်။ ပူပြင်းခြောက်သွေ့ပြီး ရေရှားပါးသော မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများနှင့် အလားသဏ္ဍာန် တူပါသည်။

၂) ရေနေဂဟစနစ်။ (Aquatic Ecosystem)

ရေနေဂေဟစနစ်များသည် ရေထုထဲတွင် သက်ရှိသက်မဲ့ အစုအဝေးများတည်ရှိနေသော ဂေဟစနစ်များဖြစ်သလို အဆိုပါရေထုတို့အား မှီတည်၍ ရှင်သန်ရပ်တည်နေကြသော သက်ရှိသက်မဲ့အစုအဝေးများကို ခေါ်ဆိုပါသည်။ ၎င်းစနစ်တွင် အမျိုးအစား(၂)ခုအဖြစ် ထပ်မံတွေ့မြင်နိုင်ပါသည်။

၂.၁) ရေချိုဂေဟစနစ် (Freshwater Ecosystem) - ၎င်းဂေဟစနစ်သည် ဆားပါဝင်မှုမရှိသော အိုင်များ၊ ရေကန်များ၊ မြစ်များ၊ စမ်းချောင်းများနှင့် စိုစွတ်သော မြေဆီလွှာများ ပါဝင်ပါသည်။ ကျွန်ုပ်တို့ကိုယ်တိုင်အပါအဝင် ကမ္ဘာပေါ်ရှိ မျိုးစိတ်ပေါင်းတစ်သိန်းကျော်သည် အသက်ရှင်သန်နေ ထိုင်နိုင်ရန်အတွက် ရေချိုအား လိုအပ်ပါသည်။ ရေချိုရရှိနိုင်ရန် အကန့်အသတ်များစွာ ရှိနေသည့်တိုင်အောင် ကမ္ဘာ့ရေချိုပမာဏလိုအပ်မှုသည် တဖြည်းဖြည်းချင်း တိုးလာလျှက် ရှိပါသည်။ ကမ္ဘာမြေရေထု၏ (၃%)အောက်နည်းသောရေသည် ရေချိုဖြစ်ပြီး အဆိုပါ(၃%)၏ တစ်ဝက်ထက်နည်းသော ရေသည်သာ အရည်အဖြစ်ရရှိနိုင်ပြီး ကျန်အပိုင်းများကိုမူ ဝင်ရိုးစွန်းဒေသများနှင့် ရေခဲမြစ်များ အတွင်းရေခဲများအဖြစ်တွေ့ရှိ နိုင်ပါသည်။

ရာသီဥတုပြောင်းလဲလာမှုများကြောင့် ရေခဲတောင်များနှင့် မြစ်များရှိရေခဲများ အရည်ပျော်ပြီး ပင်လယ်ရေမြင့်တက်လာခြင်း၊ ရေချိုရေအောက်ရေများတွင် ဆားငန်ဓါတ်များ ဝင်ရောက်ပြီး ရေချိုဂေဟစနစ်များ ပျက်စီးလာခြင်းများလည်း ဖြစ်ပေါ်လျှက်ရှိပါသည်။ ထိုကဲ့သို့သော အခြေအနေများကြောင့် ရေချိုဂေဟစနစ်များသည် ပိုမို၍အဖိုးတန်သော သဘာဝအရင်းအမြစ်တစ်ခု ဖြစ်လာနေပေသည်။ လူသားများသည် ရေချိုအားနည်းလမ်းပေါင်းစုံဖြင့် အသုံးပြုကြပြီး အဆိုပါနည်းလမ်းများအား ဂရုတစိုက်မလုပ်ဆောင်မိသည့်အခါ ရေချိုဂေဟစနစ်အတွက် အန္တရာယ်များ ဖြစ်ပေါ်လာနိုင်ပါသည်။ ဥပမာအနေဖြင့် ကျေးရွာများရှိ သောက်သုံးရေအတွက် သိုလှောင်ကြသည့် မြေသားကန်များ၊ အခြားလှောင်ကန်များအား သန့်ရှင်းသပ်ရပ်စွာပြုလုပ်ခြင်းသည် ၎င်းပတ်ဝန်းကျင်ရှိ ရေချိုဂေဟစနစ်တစ်ခုအား မပျက်စီးစေရန် ထိန်းသိမ်းလုပ် ဆောင်ခြင်းဖြစ်ပေသည်။ ထိုကဲ့သို့ မလုပ်ဆောင်မိပါက အဆိုပါဧရိယာလေးရှိ ရေချိုဂေဟစနစ်သည် ပျက်စီးပြီး လူနှင့်တိရိစ္ဆာန်များကို အချိန်အတိုင်းအတာတစ်ခုအတွင်း ဘေးဥပါဒ် ဖြစ်စေနိုင်ပါသည်။ မုတ္တမပင် လယ်ကွေ့စီမံကိန်းရှိ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးကဏ္ဍမှ (WASH Sector) ကျေးရွာများတွင် သောက်သုံးရေများနှင့် ပတ်သက်၍ အကောင်အထည်ဖေါ်နေမှုသည် ကျေးရွာတစ်ခုရှိအများနှင့် သက်ဆိုင်သည့် ရေချိုဂေဟစနစ်တစ်ခုအား ထိန်းသိမ်းခြင်းအဖြစ် တွေ့မြင်နိုင်မည်ဖြစ်ပါသည်။ အခြားသောအကြောင်းအရာများလည်း များစွာရှိနေပါသေးသည်။ ဥပမာ၊ ဆည်များဆောက်လုပ်ခြင်း၊ ငါးအလွန်အကျွံဖမ်းဆီးခြင်း၊ အမှိုက်များအားစည်းကမ်းမဲ့စွာ စွန့်ပစ်ခြင်းတို့ကြောင့် ပတ်ဝန်းကျင်ညစ်ပတ်ခြင်း၊ သစ်တောများပြုန်းတီးလာခြင်း အစရှိသည်တို့မှာလည်း ရေချိုဂေဟစနစ်များ ပြန်လည်ရှင်သန်လာရန် ရုန်းကန်နေရသည့်အကြောင်းရင်းများအဖြစ် ရပ်တည်လျှက်ရှိနေပေသည်။

၂.၂) အဏ္ဏဝါဂေဟစနစ် (Marine Ecosystem) - ၎င်းစနစ်တွင် ပင်လယ်၊ သမုဒ္ဒရာများကမ်းရိုးတန်း အဏ္ဏဝါဂေဟစနစ်တို့ပါဝင်ပြီး ရေချိုဂေဟစနစ်နှင့် နှိုင်းယှဉ်လျှင် ပိုမိုသိသာထင်ရှားသော ဆားပါဝင်မှု (အငန်ဓါတ်)များနှင့် ပိုမိုကောင်းမွန်သော ဇီဝမျိုးစုံမျိုးကွဲများအား တွေ့ရှိရပါသည်။ အဏ္ဏဝါဂေဟစနစ်များနှင့် ပတ်သက်၍ ပညာရှင်များကြားတွင် သဘောထားကွဲလွဲမှုများရှိကြသော်လည်း အများလက်ခံသဘောတူထားကြသည်မှာ မြစ်ဝများ(estuaries)၊ ဆားနွံများ(salt marshes) ဒီရေတောများ( Mangrove Forest) သန္တာကျောက်တန်းများ (Coral reefs)၊ သမုဒ္ဒရာများ(Open Ocean) နှင့် ပင်လယ်နက်သမုဒ္ဒရာ (deep-sea ocean) တို့ပါဝင်လျှက်ရှိပါသည်။

ဥပမာအနေဖြင့် အကျဉ်းချုပ်မျှ တင်ပြရလျှင် မြစ်ဝများသည် ကမ်းရိုးတန်းဒေသ(Coastal Region)များဖြစ်ကြပြီး ပင်လယ်မှ သယ်ဆောင်လာသော အဟာရဓါတ်နှင့် ဆားပျော်ဝင်မှုများသည် ရေချိုပါဝင်သော မြစ်ချောင်းများဖြင့် စတင်တွေ့ဆုံရာ နေရာလည်းဖြစ်နေပါသည်။ ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာမြေကြီးပေါ်ရှိ အဆိုပါနေရာများသည် လူနှင့်တိရိစ္ဆာန်တို့အား အများဆုံးပံ့ပိုးပေးနေသည့် နေရာဖြစ်လျှက်ရှိသည်။ အလား တူ ဒီရေတောဂေဟစနစ်များသည် ကုန်းမြေဂေဟစနစ်တွင် ပါဝင်မှုရှိသော်လည်း အဏ္ဏဝါဂေဟစနစ်အားပိုမို၍ အထူးပြုပါသည်။

ရေချိုနှင့် အဏ္ဏဝါဂေဟစနစ်(၂)မျိုးလုံးသည် မုတ္တမပင်လယ်ကွေ့စီမံကိန်း ကျင်လည်ရာရပ်ဝန်းတွင် အများဆုံးတွေ့ရပြီး စစ်တောင်းမြစ်ကမ်းရိုးတန်းတစ်လျှောက်ရှိ ကျေးရွာများသည်လည်း ရေနေဂေဟစနစ်(Aquatic Ecosystem)နှင့် များစွာအကျုံးဝင်ပတ်သက်နေပါသည်။ ဆိုလိုသည်မှာ မုတ္တမပင်လယ်ကွေ့ဒေသအပါအဝင် မြန်မာနိုင်ငံရှိ အလားတူနေရာများရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်သည့်အခါဂေဟစနစ်အခြေပြု” (Ecosystem Based) (သို့) “ဂေဟစနစ်ချဉ်းကပ်မှု” (Ecosystem Approach)နည်းလမ်းများကို ထိရောက်စွာ အသုံးပြုနိုင်ပါက ရေရှည်တည်မြဲသော အခြေအနေများကို လက်ဝယ်ပိုင်ဆိုင်နိုင်မည် ဖြစ်ပါသည်။ (အခါအခွင့်သင့်ပါက ရေနေဂေဟစနစ်များနှင့်ပတ်သက်၍ ပြည့်စုံစွာရေးသားဖေါ်ပြသွားပါဦးမည်)

မည်သို့ပင်ဖြစ်စေ အထက်ဖေါ်ပြပါ“ဂေဟစနစ်များ”အား အတတ်နိုင်ဆုံး ထိန်းသိမ်းလုပ်ဆောင်သွားရမည်မှာ လူသားအားလုံး၏ တာဝန်ဖြစ်နေပေသည်။ အကြောင်းမှာ အဆိုပါ “ဂေဟစနစ်များမှ” ကျွန်ုပ်တို့ လူသားများအပါအဝင် အခြားသက်ရှိသက်မဲ့အရာများပေါ်တွင် များစွာသော ထောက်ပံ့ဝန်ဆောင်မှုများ(Services)အဖြစ် ပေးဝေလျှက်ရှိနေ၍ ဖြစ်ပေသည်။ တနည်းအားဖြင့် သဘာဝကပေးသော အကျိုးကျေးဇူးများ ဖြစ်ပါသည်။

ဂေဟစနစ်ဝန်ဆောင်မှုများ - သဘာဝမှရရှိနေသော “ဂေဟစနစ်ဝန်ဆောင်မှု(၄)မျိုးအား အောက်ပါအတိုင်းလေ့လာနိုင်ပါသည်။

၁) ရိက္ခာဖြည့်တင်းပေးသောဝန်ဆောင်မှုများ (Provision Services) - ရိက္ခာဖြည့်တင်းပေးသောဝန်ဆောင်မှုမှ အစားအစာများ၊ သစ်၊ သဘာဝလောင်စာများနှင့် အမျှင်များကဲ့သို့ ကုန်ကြမ်းပစ္စည်းများ၊ ရေချိုအရင်း အမြစ်များ၊ အပင်မျိုးစုံနှင့် မှိုကဲ့ သို့အပင်များမှတဆင့် ဆေးဘက်ဆိုင်ရာ အရင်းအမြစ်များကို အဆက်မပြတ်ရယူလျှက်ရှိပါသည်။

၂) ထိန်းညှိပေးခြင်းဝန်ဆောင်မှုများ (Regulating Services)

၂.၁) ဒေသတွင်း ရာသီဥတု၊ လေထုအရည်အသွေး ထိန်းညှိပေးခြင်း - သစ်တောများသည် ဒေသအလိုက် မိုးရွာသွန်းမှုနှင့် ရေရှိမှုအပေါ်လွှမ်းမိုးမှုရှိပြီး အရိပ်ပေးခြင်း၊ အချို့အပင်များ သည် လေထုညစ်ညမ်းမှုကိုဖယ်ရှားခြင်းဖြင့် လေထုအရည် အသွေးထိန်းညှိပေးခြင်း

၂.၂) ကာဗွန်သိုလှောင်ပေးခြင်း - သစ်ပင်များနှင့် သစ်တောများသည် စက်ရုံ၊ အလုပ်ရုံ၊ မော်တော်ယဉ်များကဲ့သို့ အခြေအနေများမှ ထုတ်လွှတ်လိုက်သော ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့များအား လေထုထဲမှ စုပ်ယူပြီး သိုလှောင်ထားနိုင်ခြင်း။

၂.၃) သဘာဝဘေးအန္တာရာယ်များမှ ထိန်းညှိပေးခြင်း - ဂေဟစနစ်တစ်ခုအတွင်းရှိ သက်ရှိသက်မဲ့များသည် လူသားများအပေါ်ကျရောက်မည့် ရေလွှမ်းမိုးမှုများ၊ မုန်တိုင်းများ၊ ဆူနာမီ၊ မြေပြိုမှုများနှင့် မိုးခေါင်ခြင်းတို့မှ ပျက်စီးဆုံးရှုံးမှုများကို လျှော့ကျစေခြင်း။

၂.၄) ရေဆိုးသန့်စင်ပေးခြင်းနှင့် ရေစီးဆင်းမှုထိန်းညှိပေးခြင်း - စိုစွတ်မြေများကဲ့သို့ဂေဟစနစ်များသည် သေးငယ်သော ဇီဝသက်ရှိများ၏ ဇီဝဗေဒလုပ်ဆောင်မှုမှတဆင့် လူတိရိစ္ဆာန်တို့အတွက် ဘေးဥပါဒ်ဖြစ်နိုင်သော အညစ်အကြေးများကို ချေဖျက်စေပြီး အန္တာရာယ်ရှိသောပိုးမွှားများကို ဖယ်ရှားစေပါသည်။

၂.၅) မြေဆီလွှာတိုက်စားမှုကာကွယ်ခြင်းနှင့် မြေဆီမြေဩဇာ ကောင်းမွန်မှုအားထိန်းညှိခြင်း - မြေကြီးကို သစ်ပင်၊ အသီးအရွက်များမှ ဖုံးအုပ်ထား ခြင်းသည် မြေဆီလွှာတိုက်စားခြင်းကို ကာကွယ်ပေးပြီး နိုက် ရိုဂျင်ကဲ့သို့ သဘာဝဇီဝဖြစ်စဉ်များမှတစ်ဆင့် မြေဩဇာကို ကောင်းမွန်စေပါသည်။

၂.၆) ဝတ်မှုန်ကူးခြင်း - စိုက်ပျိုးရေးလုပ်ငန်းများအတွက်မရှိမဖြစ်လိုအပ်သော ဝတ်မှုန်ကူးခြင်းကို အင်းဆက်ပိုးမွှားများ၊ ငှက်များနှင့် လင်းနို့အချို့က အဓိကပံ့ပိုးပေးသော ဂေဟစနစ်ဝန်ဆောင်မှု တစ်ခုဖြစ်ခြင်း။

၂.၇) ဇီဝထိန်းချုပ်မှု - သားကောင်များနှင့် ကပ်ပါးကောင်များမှ ပိုးမွှားများ နှင့် ရောဂါကျရောက်မှု အလားအလာများကို ထိန်းချုပ်ပေး ခြင်း စသည်တို့ကိုလုပ်ဆောင်ပေးပါသည်။

၃) ပံ့ပိုးခြင်းဝန်ဆောင်မှုများ (Supporting Services)

ဂေဟစနစ်များသည် အပင်များနှင့် တိရိစ္ဆာန်များအတွက် နေထိုင်ရန်နေရာများကို ဖန်တီးပေးပြီး အချို့သော မျိုးစိတ်များအတွက် စားကျက်မြေများအဖြစ်ပါရရှိခြင်းမျိုးရိုးဗီဇကွဲပြားမှုကို ထိန်းသိမ်းပေးခြင်းများကို လုပ်ဆောင်ပေးပါသည်။

၄) ယဉ်ကျေးမှုဝန်ဆောင်မှုများ (Culture Services)

သစ်ပင်ပန်းမန်များမှ အပန်းဖြေစေခြင်း၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမားရေးကောင်းမွန်စေခြင်း၊ ခရီးသွားဝန်ဆောင်မှုအဖြစ် ကမ္ဘာတစ်ဝှမ်းမှ လာရောက်လည် ပတ်သူများအတွက် အကျိုးကျေးဇူးများနှင့်သဘာဝခရီးသွား ဝန်ဆောင်မှုများအတွက် ဝင်ငွေအခွင့်အလမ်းများပေးနိုင်ခြင်း၊ တိရိစ္ဆာန်များ၊ အပင်များနှင့်ဂေဟစနစ်များသည် ယဉ်ကျေးမှု၊ အနုပညာနှင့် ဒီဇိုင်းအတွက် အလှအပတန်ဖိုးထားမှုကို ဖြစ်စေ ရန် လှုံ့ဆော်မှုပေးခြင်း အစရှိသည်တို့ကိုပံ့ပိုးပေးပါသည်။

မုတ္တမပင်လယ်ကွေ့ဒေသ ရမ်ဆာဧရိယာများနှင့် ဂေဟစနစ်။

မုတ္တမပင်လယ်ကွေ့သည် ကမ္ဘာပေါ်တွင် လှုပ်ရှားပြောင်းလဲမှုအရှိဆုံး ရေနောက်မြစ်ဝများ (the most dynamic estuaries)ထဲမှ တစ်ခုဖြစ်ပါသည်။ ပင်လယ်ကွေ့၏ ကမ်းရိုးတန်းရေဝပ်ဒေသများ (ဒီရေအတက် အကျရှိသော ရွံ့လတာပြင်ကြီးများ)နှင့် ကုန်းတွင်းရေဝပ်ဒေသများ (ဆားငန်ရေစိမ့် ဝင်မြေများနှင့် ရေအိုင်များ) သာမက ဓနိပင်များ၊ လမုပင်များ နှင့် ရေချိုရွှံ့ညွန်တောများလည်း ရှိနေပါသည်။ ပင်လယ်ကွေ့ အထက်ပိုင်းရှိရေများမှာ ရေချိုများပါဝင်ပြီး နောက်ကျိခြင်းများရှိသည့် ဆားငန်ရည် အနည်းငယ်ရောနှောသော ရေငန်များဖြစ်ပြီး ပင်လယ်ကွေ့အောက်ပိုင်းမှာမူ ပင်လယ်ဆားငန်ရေ ပိုမိုများပြားပါသည်။ ထိုကဲ့သို့ ထူးခြားသည့် အခြေအနေများသည် ငါးလုပ်ငန်းများအတွက် စီးပွားရေးအရ အရေးပါသည့်အပြင် ရေချို၊ ရေငန်ငါးများ ဥချသားပေါက်ရာနေရာများအပါအဝင် ရေချိုနှင့် အဏ္ဏဝါမျိုးစိတ်များအတွက် အရေးကြီး သော ဒေသများဖြစ်လျှက်ရှိနေပါသည်။ အလားတူ အစာရေစာ ပေါကြွယ်ဝလှသည့် ရွှံ့ညွန်လတာပြင်ကြီးများသည် ရေပျော်ငှက်ပေါင်း (၁၅၀၀၀၀ - ၂၀၀၀၀၀)ခန့်အတွက် ဆောင်းခိုရာ နေရာတစ်ခုဖြစ်ပါသည်။ ထိုငှက်များထဲတွင် မျိုးသုဉ်းရန် အန္တရာယ်နှင့် ရင်ဆိုင်နေရသော ရေညှောင့်နှုတ်ဝိုင်းငှက်များ၊ ခြေစိမ်းရေညှောင့်ငှက်များတို့လည်း ပါဝင်ပါသည်။ အဆိုပါအ ခြေအနေများကြောင့် မုတ္တမပင်လယ်ကွေ့ ဒေသရှိ တန်ဘိုးမဖြတ်နိုင်သော ဂေဟစနစ်များသည် ၎င်းနှင့်ဆက်စပ်လျှက်ရှိသည့် မြစ်၊ ချောင်းများတစ်လျှောက်တွင် မှီတင်းနေထိုင်ကြသော ဒေသခံများအား များစွာသော ဂေဟစနစ်ဝန်ဆောင်မှုများအား အစဉ်ပံ့ပိုးပေးလျှက် ရှိပါသည်။

ထို့အပြင် မုတ္တမပင်လယ်ကွေ့ဒေသသည် ရမ်ဆာစံနှုန်းသတ်မှတ်ချက်များနှင့်လည်း များစွာကိုက်ညီမှုရှိသည့်အတွက် (၂၀၁၇)ခုနှစ် မေလတွင် မုတ္တမပင်လယ်ကွေ့ဒေသ မြောက်ဘက်ပိုင်းဖြစ်သည့် ကျိုက်ထို၊ ဘီးလင်းဧရိယာများရှိ ဟက်တာပေါင်း(၄၂၅၀၀)အားလည်းကောင်း၊ ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလတွင် သထုံ၊ ပေါင်နှင့် ပဲခူးတိုင်းဒေသကြီးရှိ သနပ်ပင်၊ ကဝမြို့နယ်များရှိ ဟက်တာပေါင်း(၁၁၈၅၃၀)ကို ထပ်မံ၍ ရမ်ဆာကွန်ဗင်းရှင်းမှတရားဝင် အသိအမှတ်ပြုပေး ခဲ့သည့်အတွက် မုတ္တမပင်လယ်ကွေ့ဒေသနှင့် ဆက်စပ်နေသည့် ဧရိယာများတွင် ရမ်ဆာ(ရေဝပ်ဒေသ) ဟက်တာစုစုပေါင်း (၁၆၁၀၃၀) ရှိလာပြီဖြစ်ပါသည်။

စာရေးသူအနေဖြင့် အထက်တွင်ဖေါ်ပြခဲ့ပြီးသော ဂေဟစနစ်များအားလုံး၏ အရေးကြီးသော အစိတ်အပိုင်းများ အားလုံးသည် မုတ္တမပင်လယ်ကွေ့ဒေသ ရမ်ဆာ(ရေဝပ်ဒေသများ)နှင့် များစွာသက်ဆိုင်လျှက်ရှိပါသည်။ အထူးသဖြင့် Aqu-atic Ecosystem ရေနေဂေဟစနစ်များဖြင့် ပိုမိုအကျုံးဝင်ပတ်သက်နေသည့်အတွက် သက်ဆိုင်သူအားလုံးမှ ဝိုင်းဝန်းထိန်းသိမ်းလုပ်ဆောင်သွားရန်မှာ အရေးကြီးကိစ္စရပ်တစ်ခု ဖြစ်နေ ပါသည်။

အချုပ်အားဖြင့်ဆိုရသော ဂေဟစနစ်များသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်လျှက်ရှိပြီး တစ်ခုပျက်စီးပါက ကျွန်ုပ်တို့ရ ရှိနေသောဂေဟစနစ်ဝန်ဆောင်မှုများသည် ဟန်ချက်ညီစွာ ရရှိနိုင်ရန်(သို့) ရေရှည်တည်တံ့ရန် လွန်စွာခက်ခဲလှမည်ဖြစ်ပါသည်။ သို့ဖြစ်ပါသောကြောင့် သဘာဝပတ်ဝန်းကျင်များ မပျက်စီးရလေအောင် ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်နိုင်မည့် နည်းလမ်းများကိုသာ ရွေးချယ်၍ ပူးပေါင်းလုပ်ကိုင်သွားကြရန် လိုအပ်ကြောင်း ဤစာစုဖြင့် သတင်းစကားပါးလိုက်ပါသည်။

 

စိုးမင်းဦး (Management Plan Coordinator)

References.

 - National Geographic Society (Library)

 - Ecosystem by Sarah Knapp

 - Gulf of Mottama Management Plan, GoMP.

 - Structure, Function and Types of Ecosystems, FAO.

 - Myanmar Forest Department Website.