"ငါးသယံဇာတတိုက်ပွဲ"သည် လက်ရှိမုတ္တမပင်လယ်ကွေ့တွင် ရေရှည်တည်တံ့ရေးကို ခြိမ်းခြောက်ခြင်းခံရနေသော ငါးသယံဇာတထုတ်ယူမှုနှင့် ၎င်းတို့၏ စိန်ခေါ်မှုများအကြောင်းကို ထင်ဟပ်ပေါ်လွန်အောင် ရိုက်ကူးဖော်ပြပေးသော မှတ်တမ်းရုပ်ရှင် ဗီဒီယိုတစ်ခုဖြစ်ပါသည်။ ဤဗီဒီယိုမှတ်တမ်းရုပ်ရှင် ရိုက်ကူးနိုင်ရေးအတွက် ဆွစ်ဇာလန်အစိုးရ (Swiss Agency for Development and Cooperation – SDC)မှ ငွေကြေးထောက်ပံ့မှုဖြင့် မုတ္တမပင်လယ်ကွေ့စီမံကိန်းနှင့် D. Mon Multimedia Production Group တို့ ပူးပေါင်း၍ ရိုက်ကူးတင်ဆက်ခဲ့ခြင်း ဖြစ်ပါသည်။ မုတ္တမပင်လယ်ကွေ့စီမံချက်သည် SDC ၏ မူပိုင်စီမံချက်ဖြစ်ပြီး Helvetas Swiss Intercooperation, NAG နှင့် IUCN တို့မှ လက်ရှိတွင် ပူးပေါင်းအကောင်အထည်ဖော်နေသော စီမံချက်ကြီးတစ်ခု ဖြစ်ပါသည်။ ရိုက်ကူရေးအဖွဲ့သည် ပင်လယ်ကွေ့ဒေသရှိ တံငါရွာများကို ကွင်းဆင်းလေ့လာခဲ့ပြီး သက်ဆိုင်ရာရေလုပ်သားများ၊ ငါးအဝယ်ဒိုင်များ၊ ရေလုပ်သာဖွံ့ဖြိုးရေးအသင်း နှင့် မွန်ပြည်နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အဓိကပုဂ္ဂိုလ်များကိုလည်း တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ပါသည်။
ဤဗီဒီယိုမှတ်တမ်းသည် သံဇကာပိုက်သုံးစွဲမှုနှင့် အခြားသောဥပဒေမဲ့ငါးဖမ်းဆီးမှုကြောင့် ငါးသယံဇာတများ ဆက်တိုက်ဆိုသလို ကျဆင်းနေသည့်ကို မီးမောင်းထိုး ဖော်ပြထားပါသည်။ ကျိုက်ထို ရေလုပ်သားဖွံ့ဖြိုးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရွှေမောင်၏ ပြောကြားချက်အရ တရားဥပဒေစိုးမိုးရေး အားနည်းခြင်းသည် တရားမဝင်ငါးဖမ်းခြင်းကို အပြည့်အဝ ပပျောက်အောင် မစွမ်းဆောင်နိုင်သည့် အဓိကပြဿနာများထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါသည်။ မုတ္တမပင်လယ်ကွေ့ရှိ ငါးဖမ်းကွက်များတွင် တရားမဝင်လှေ စုစုပေါင်း ၈၀ စီးကျော်ရှိနေခြင်းသည် ငါးမျိုးစိတ်များ စဉ်ဆက်မပြတ် မျိုးပွားမှုနှင့် ရေလုပ်သားငယ်များ၏ အသက်မွေးဝမ်းကြောင်းကိုလည်း ခြိမ်းခြောက်မှု ဖြစ်နေကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။
မုတ္တမပင်လယ်ကွေ့စီမံကိန်း၏ ပံ့ပိုးကူညီမှုဖြင့် ၂၀၁၈ ခုနှစ်မှစတင်၍ ဒေသခံငါးဖမ်းသမားများနှင့် မွန်ပြည်နယ်ငါးလုပ်ငန်းအဖွဲ့ချုပ် (MFF)၊ ရေးလုပ်သားဖွံ့ဖြိုးရေးအသင်း (FDA) နှင့် ငါးလုပ်ငန်းဦးစီးဌာန (မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး)တို့မှ ပူးပေါင်း၍ မုတ္တမပင်လယ်ကွေ့အား တရားမဝင်ငါးဖမ်းမှု တိုက်ဖျက်ရန်နှင့် ငါးဖမ်းသယံဇာတ ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်၍ ပင်လယ်ကွေ့တစ်လျှောက် ပုံမှန်ကင်းလှည့်မှုလုပ်ငန်းစဥ်များ ဆောင်ရွက်နိုင်ခဲ့ပါသည်။ သို့သော်လည်း ယနေ့အချိန်အထိ အချို့နေရာများတွင် တရားမဝင်ငါးဖမ်းမှုများ ဆက်လက်ဖြစ်ပွားနေပြီး ပါဝင်ပတ်သတ်သူများအားလုံးအတွက် ထိုတရားမဝင်ငါးဖမ်းစီးမှုများ တိုက်ဖျက်အရေးယူဘို့ ရှေ့ဆက်ဆောင်ရွက်ရန် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရခြင်း ဖြစ်ပါသည်။