ရေသတ္တဝါမွေးမြူရေးလုပ်ငန်းနှင့် အခြားအိမ်မွေးတိရိစ္ဆာန်လုပ်ငန်းများတွင် အခြေခံသိသင့်သည့် အစာကုန်ကြမ်း ပစ္စည်းများနှင့် အာဟာရတန်ဖိုးများအကြောင်း

ရေသတ္တဝါမွေးမြူရေးလုပ်ငန်းနှင့် အခြားအိမ်မွေးတိရိစ္ဆာန်လုပ်ငန်းများတွင် အခြေခံသိသင့်သည့် အစာကုန်ကြမ်း ပစ္စည်းများနှင့် အာဟာရတန်ဖိုးများအကြောင်း

၂၀၂၀ ခုနှစ် နိုဝင်ဘာလအတွင်း ထုတ်ဝေခဲ့ သည့် မုတ္တမပင်လယ်ကွေ့ စာဆောင်အတွဲ (၁) အမှတ် စဉ် (၁၀) တွင် ဖေါ်ပြခဲ့သည့် အစာမှအသား ပြောင်းနှုန်း(FCR) အကြောင်းအားအခြေခံ၍ ယခုနည်း ပညာဆိုင်ရာ ဆောင်းပါးတိုအား ရေးသားဖေါ်ပြသွားမည် ဖြစ်ပါသည်။ ရေသတ္တဝါမွေးမြူရေးလုပ်ငန်းများတွင် လည်းကောင်း၊ အခြားမွေးမြူရေးလုပ်ငန်းများတွင်လည်း ကောင်း အစာများမိမိကိုယ်တိုင် ဖေါ်စပ်ထုတ်လုပ်၍ ကျွေးမွေးခြင်းလုပ်ငန်းများသည် ရှေးပဝေသဏီကာလ ကပင် လူသားတို့ လုပ်ကိုင်လာကြသည့် မရိုးနိုင်သေး သော လုပ်ငန်းရပ်တစ်ခုအဖြစ် ရပ်တည်လျှက်ရှိပါသည်။

သို့ပါသော်လည်း အဆိုပါအစာနှင့်သက်ဆိုင်သည့် ကိစ္စရပ်များ၏ အခြေခံသဘောတရားများ၊ နည်းပညာ၊ အသိ ပညာများကို သိရှိပြီး မှန်ကန်စွာအသုံးချနိုင်မှသာ အောင် မြင်သော မွေးမြူရေးလုပ်ငန်းများကို ရရှိခံစားနိုင်မည်ဖြစ် ပေသည်။ ယခင်ဆောင်းပါးတွင် ဖေါ်ပြခဲ့သလို နိုင်ငံ၏ မွေးမြူထုတ်လုပ်ရေးကဏ္ဍအားလုံးနှင့် သက်ဆိုင်သည့် မူဝါဒများ၊ ဈေးကွက်နှင့်ပတ်သည့် လုပ်ထုံးလုပ်နည်းများ အားလုံးသည်လည်း လွန်စွာမှ အရေးပါလျှက် ရှိပါသည်။ ဆိုလိုသည်မှာ နည်းပညာဆိုင်ရာအချက်အလက်များအား ကျွမ်းကျင်မှုရှိနေပါသော်လည်း ချမှတ်ထားသည့် မူဝါဒ များ၊ ဥပဒေပြဌာန်းချက်များ အားနည်းမှု ရှိနေပါကလည်း ထိုက်သင့်သည့်အကျိုးအမြတ်များကို ရရှိခံစားနိုင်မည် မဟုတ်ပေ။

၂၀၂၁ ခုနှစ်သည် မြန်မာနိုင်ငံအတွင်း ရင်ခုန်စိတ် လှုပ်ရှားစရာကောင်းသော နိုင်ငံရေးအခြေအနေများ ဖြစ် ပေါ်လျှက် ရှိပါသည်။ အဆိုပါအခြေအနေများအား ကျော် လွှားနိုင်သည့်တစ်နေ့ ရေသတ္တဝါမွေးမြူရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာနိုင်မည်ဟု စာရေးသူအနေဖြင့် ယုံ ကြည်ထားပါသည်။ ၎င်းအချိန်တွင် မွေးမြူသူများအနေ ဖြင့် နည်းပညာပိုင်းများ အသင့်ဖြစ်စေနိုင်ရန်လည်း ကောင်း၊ အခြေခံဗဟုသုတများ ရရှိနေစေရန်အတွက် လည်းကောင်း ဤဆောင်းပါးအား ရေးသားမျှဝေလိုက်ရ ပါသည်။

ကျေးလက်နေ ပြည်သူများ၊ ရေလုပ်သားငယ် များ၊ လယ်သမားငယ်များအားလုံးသည် ရာသီအလိုက် ဝင်ငွေများရရှိစေရန် မိမိတို့နေ အိမ်ခြံဝန်းအတွင်းရှိ မြေလွတ်မြေပိုများတွင်လည်းကောင်း၊ ပိုင်ဆိုင်ရာလယ် ကွက်များအတွင်းလည်းကောင်း ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်း၊ ကြက်၊ ဘဲ၊ ဝက်များ တစ်နိုင်တစ်ပိုင် မွေး မြူခြင်းများအပြင် ငါး၊ ပုစွန်၊ ကဏန်းများကို မွေးမြူနိုင် ရန်အတွက်လည်း အခြေအနေများ ရှိနေပါသည်။ မိမိ တို့ကျေးရွာနှင့် ပတ်ဝန်းကျင်တွင် သဘာဝမှပေးထား သောအခြေအနေများပေါ်တွင် မူတည်ပြီး နှစ်သက်ရာ အခြေအနေပေးသော လုပ်ငန်းများကို ဆောင်ရွက်နိုင် ရန်အတွက် ကြက်၊ ဘဲ၊ ဝက် အစရှိသည့် တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းများသာမက ငါး၊ ပုစွန်၊ ကဏန်းများ မွေးမြူထုတ်လုပ်ရာတွင် ကျွေးမွေးရသည့် အစာကုန် ကြမ်းတစ်ခုချင်းစီ၏ အခြေအနေများအား သိရှိထားရန် လိုအပ်ပါသည်။ သို့မှသာ တန်ဖိုးသင့် အိမ်လုပ်(Home Made) ဖေါ်စပ်အစာများ ထုတ်လုပ်မည်ဆိုပါက မွေးမြူ မျိုးစိတ်များပေါ်တွင် မူတည်ပြီး သင့်တင့်ကောင်းမွန် သည့် အဟာရဓါတ်ပါဝင်သည့် အစာများအား ဖေါ်စပ် ထုတ်လုပ်သွားနိုင်မည် ဖြစ်ပါသည်။ `

အစာကုန်ကြမ်းအမျိုးအစားများ၊ (Variety of Feed Ingredients)

ငါး၊ ပုစွန်မွေးမြူခြင်းများနှင့် အခြားကြက်၊ ဘဲ၊ ဝက် မွေးမြူခြင်းလုပ်ငန်းများတွင် အစာအဖြစ် အသုံးပြု ရန် အမျိုးအစား ခွဲခြားထားပြီး ၎င်းပစ္စည်းများကို အခြေ ခံအားဖြင့် -

(က) အပင်ပိုင်းဆိုင်ရာ သက်ရှိတို့မှ ရရှိသည့် အရာဝထ္ထုပစ္စည်းများ (Plant Products)၊ (ခ) အကောင်ပိုင်းဆိုင်ရာသက်ရှိတို့မှ ရရှိသည့် ပစ္စည်းများ (Animal Products)၊ (ဂ) အပင်အကောင်တို့မှရရှိသည့် အဆီဓါတ် ဆိုင်ရာ ကုန်ကြမ်းပစ္စည်းများ (Lipid or Fat)၊ (ဃ) ဓါတုဗေဒဆိုင်ရာ ကုန်ကြမ်းပစ္စည်းများ (Chemical Products) ဟူ၍ခွဲခြားနိုင်ပါသည်။ ၎င်းတို့အားလုံးကို အစာဆိုင်ရာကုန်ကြမ်းပစ္စည်းများ(Feed Ingredients)အဖြစ် အသုံးပြုလေ့ရှိကြပါသည်။ အစာအဖြစ် အသုံးပြုရာတွင် ကုန်ကြမ်းပစ္စည်းတစ်မျိုး တည်းကိုလည်းကောင်း၊ နှစ်မျိုးမှသုံးမျိုးကို အဆင်ပြေသ လို ရောစပ်၍လည်းကောင်း၊ လေးငါးမျိုးကို အချိုးကျပါ ဝင်အောင် စနစ်တကျရောစပ်၍လည်းကောင်း အဟာရ တန်ဖိုးပါဝင်မှုအဖြစ် စွမ်းအင်ပေးစွမ်းနိုင်မှုကို အခြေခံ၍ သိပ္ပံနည်းကျပြင်ဆင်ရောစပ်၍လည်းကောင်း၊ အတွေ့ အကြုံပေါ်အခြေခံ၍ မိမိတို့ဘာသာ ရောစပ်၍(အိမ်လုပ်) လည်းကောင်း အသုံးပြုနိုင်ပါသည်။

(က) အပင်ပိုင်းဆိုင်ရာ အစာကုန်ကြမ်းများ၊ (Plant Ingredients)

အပွင့်၊ အသီး၊ အရွက်၊ အစေ့ စသည့် အစိတ်အ ပိုင်းအသီးသီးတို့မှ ရရှိပြီး ပြုပြင်ထုတ်လုပ်ထားသည့် ပစ္စည်းများနှင့် ယင်းတို့၏ ဘေးထွက်ပစ္စည်းများ (By Products) ဖြစ်ပါသည်။ အလားတူ အဏုဇီဝသက်ရှိ အပင်များ (Microalgae) သို့မဟုတ် အပင်မျှောလှေး (Phyto-plankton)ကိုလည်း အပင်ပိုင်းဆိုင်ရာ ကုန် ကြမ်းပစ္စည်းများအဖြစ် အသုံးပြုနိုင်ပါသည်။ ငါးပုစွန် အစာတွင် အများဆုံး လက်တွေ့ထည့်သွင်း အသုံးပြုနေ သည့်အပင် ပိုင်းဆိုင်ရာပစ္စည်းများကို အောက်ပါအတိုင်း တွေ့မြင်နိုင်ပါသည်။

(၁) ပဲပိစပ်မှုန့် (Soybean Meal)

ပဲပိစပ်ကို ပဲပုပ်ပဲဟူ၍ လူသိများပါသည်။ ပဲပိစပ် ကို‌ ရေစိမ်ကြိတ်၍ လှော်ထားသောအမှုန့်ဖြစ်သလို ရေ စိမ်ပေါင်းပြီး အမှုန့်ကြိတ်၍ အခြောက်ခံပြီးလည်း အသုံး ပြုနိုင်ပါသည်။ ပဲပိစပ်ကိုအသုံးပြုရာတွင် အဟာရဓာတ် ပျက်စေသည့် လက္ခဏာ (Antinational Factor) ဓာတ် ပစ္စည်းများကို ပျက်ပြယ်သွားစေရန် အပူဖြင့်လှော်ြခင်း၊ သို့မဟုတ် ပေါင်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ အသုံး ပြုနိုင်ပါသည်။ အသားဓာတ်(Protein) တန်ဖိုးမြင့်မား သော ကုန်ကြမ်းပစ္စည်း တစ်မျိုးဖြစ်ကာ ဈေးနှုန်းလည်း မြင့်ပါသည်။

(၂) ပြောင်းဖူးမှုန့် (Corn Meal)

ပဲပိစပ်နည်းတူ ပေါင်းခြင်း၊ ပြုတ်ခြင်း၊ အခြောက် ခံပြီးမှ ရရှိသောအမှုန့်သည် အစာကြေပျက်မှု ပိုမိုလွယ် ကူစေပါသည်။ အဓိကအားဖြင့် ကစီဓာတ် (Carbohy- drate) ကြွယ်ဝသော ကုန်ကြမ်းတစ်မျိုးဖြစ်ပြီး ပြောင်း ဖူးမှရရှိနိုင်သော အခြားကုန်ကြမ်းများလည်း များစွာရှိ ပါသည်။

(၃) ဂျုံမှုန့် (Wheat grain meal or Flour)

ဂျုံစေ့ကို အခွံချွတ်ပြီး ကြိတ်ထားသော အမှုန့် ဖြစ်ပါသည်။ လူတို့စားသုံးနိုင်ရန် ပြင်ဆင်ထားသော ဂျုံမှုန့်အမျိုးအစား ဖြစ်ပါသည်။ ကစီဓာတ်ကြွယ်ဝသော ကုန်ကြမ်းဖြစ်သည့်အပြင် ကျိုချက်၍အသုံးပြုခြင်းအား ဖြင့် အစာများ၏ စေးကပ်မှုစွမ်းအား ( Binding Power) ကို ပိုမိုမြင့်မားစေနိုင်ပါသည်။ သိပ္ပံနည်းကျထုတ်လုပ် သော အစာတောင့်စက်ရုံများတွင် ငါး၊ ပုစွန် အစာတောင့် များ ရေထဲတွင် အချိန်အတိုင်းအတာတစ်ခုထိ ပုံသဏ္ဍာန် မပျက် တည်ရှိနေနိုင်စေရန် ဂျုံမှုန့်အား မဖြစ်မနေ သုံးစွဲ ကြသလို အခြားစေးကပ်အား ကောင်းသောဓာတုဗေဒ ပစ္စည်းများအားလည်း ဂျုံမှုန့်အစား ထည့်သွင်းအသုံးပြု ကြပါသည်။

(၄) ပဲမှုန့်အမျိုးမျိုး (Variety of Bean and Pea meal)

မြန်မာနိုင်ငံတွင်ရရှိနိုင်သော ပဲကြီး၊ ပဲကြား၊ မတ် ပဲ၊ ပဲတီစိမ်း၊ စားတော်ပဲ၊ စွန်တာနီ၊ စွန်တာပြာ၊ ပဲစာဥ၊ ပဲလွန်းဖြူ၊ ဗိုကိတ်ပဲ၊ ပဲစင်းငုံ စသည့်ပဲအမျိုးမျိုးကို ရေ စိမ်ပြီး ကြိတ်၍ အခြောက်ခံထားသော အမှုန့်များဖြစ်ပါ သည်။ ကာလဒေသအလျှောက် ပေါများစွာရရှိနိုင်သည့် ပဲအမျိုးအစားများကို အခြေခံ၍ အမှုန့်ပြုလုပ်ပြီး အသုံး ပြုနိုင်ပါသည်။ ပေါင်းတင်၍ ကြိတ်ထားသောအမှုန့်များ သည် အစာကြေပျက်မှုကို ကောင်းစွာဖြစ်စေနိုင်ပါသည်။ အသားဓာတ်(Protein) ပါဝင်မှုအဟာရတန်ဖိုး အထိုက် အလျှောက် မြင့်မားစွာရှိသော ပဲအမျိုးအစားများကို ရွေး ချယ်၍အသုံးပြုနိုင်ပါသည်။

အထူးသဖြင့် ငါး၊ ပုစွန်သားပေါက်ပြုစုကန်များရှိ ကျွေးရသည့်အစာများတွင် ပဲတစ်မျိုးမျိုးအား ဖွဲနုမှုန့်ဖြင့် ရောစပ်ကျွေးခြင်းအားဖြင့် ကျန်းမာသန်စွမ်းပြီး ကြီးထွား နှုန်းကောင်းစေနိုင်သည့် မျိုးများကိုထုတ်လုပ်နိုင်ပါသည်။

(၅) ပလောပီနံမှုန့် (Tapioca meal)

ပလောပီနံကိုကြိတ်၍ အနှစ်ကိုစစ်ယူပြီး အခြောက်ခံထားသော အမှုန့်ဖြစ်ပါသည်။ ကျိုချက်၍ အသုံးပြုခြင်းဖြင့် ဂျုံမှုန့်ကဲ့သို့ အစာများ၏ စေးကပ်မှု စွမ်းအင်ကို မြင့်မားစေနိုင်ပါသည်။ ကစီဓာတ်ကြွယ်ဝ သော ကုန်ကြမ်းတစ်မျိုးဖြစ်ပါသည်။

(၆) ဘော့စကိုင်းရွက်မှုန့် (Ipil- Ipil Leaf meal)

အရွက်ကိုအခြောက်ခံ၍ ကြိတ်ထားသောအမှုန့် ကို ငါး၊ ပုစွန်၊ ကြက်၊ ဘဲ၊ ဝက် အစာတို့တွင် ထဲ့သွင်းအ သုံးပြုနိုင်ပါသည်။ ငါး၊ ပုစွန်တို့၏ ရောဂါကျရောက်မှုကို အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးနိုင်သလို အသား ဓာတ် (Protein)မြင့် မားသည့် အရွက်တစ်မျိုးဖြစ်သည့် အတွက် ကြီးထွားနှုန်းကိုလည်း အထောက်အကူ ဖြစ်စေ ပါသည်။

(၇) ဂျုံဖွဲနု (Wheat Bran)

ဂျုံစေ့များကို အမှုန့်ကြိတ်ရာမှရရှိသော ဘေးထွက်ပစ္စည်း (By Products) ဖြစ်ပြီး ကစီဓာတ်နှင့် အသားဓာတ် အထိုက်အလျှောက်မြင့်မားပါသည်။ ဂျုံဖွဲနု စစ်စစ်သည် စေးကပ်မှုစွမ်းအားကို မြင့်မားစေသော် လည်း ဂျုံဖွဲကြမ်းသည် အခွံပါဝင်မှုမြင့်မားသောကြောင့် အမျှင်ဓာတ်ပါဝင်မှုများပြီး အစာကြေပျက်မှုစွမ်းအား နိမ့် ကျစေပါသည်။ ငါးသားပေါက် ပြုစုကန်များတွင် ထိုကဲ့သို့ အစာများအားကျွေးမည်ဆိုပါက သေချာစွာ သန့်စင်၍ ကျွေးသင့်ပါသည်။

(၈) ဖွဲနုမှုန့် (Rice Bran)

မွေးမြူရေးသမားတိုင်း မရှိမဖြစ်သုံးစွဲရသော ကုန်ကြမ်းဖြစ်ပါသည်။ စပါးကိုဆန်အဖြစ် ပြုပြင်ထုတ် လုပ်ရာမှ ရရှိသော By Product ဖြစ်ပြီး ဖွဲနုစစ်စစ်သည် ကစီဓာတ်နှင့် အသားဓာတ် အထိုက်အလျှောက် မြင့်မား လေ့ရှိပါသည်။ အထူးသဖြင့် ငါးမွေးမြူရေးသမားများ အနေဖြင့် အစာစရိတ် လျှော့ချနိုင်ရန်အတွက် ဖွဲနုတစ် မျိုးတည်းကိုသာ ကျွေးကြလေ့ရှိပါသည်။ သို့ပါသော် လည်း ဖွဲနုတွင် ဖွဲကြမ်းပါဝင်မှု မြင့်မားလျှင် အမျှင်ဓာတ် ပါဝင်မှု မြင့်မားပြီး အစာကြေပျက်နိုင်စွမ်း နိမ့်ကျပြီး ကြီးထွားနှုန်းအား အနည်းနှင့်အများ ထိခိုက်စေပါသည်။

(၉) ဝါစေ့ဖတ်မှုန့် (Cotton Seed Meal)

ဝါစေ့များကိုဆီကြိတ်၍ ရရှိသောဘေးထွက် ပစ္စည်း တစ်မျိူးဖြစ်သည်။ ယင်းဝါစေ့ဖတ်များကို အမှုန့် ပြုလုပ်၍ အစာများတွင် ရောစပ်အသုံးပြုနိုင်ပါသည်။ အသားဓာတ် ပါဝင်မှုမြင့်မားစွာပါဝင်သောလည်း ရောစပ် သည့်အခါ အဆိပ်အတောက်ဖြစ်စေနိုင်သောကြောင့် ၂၀ ရာခိုင်နှုန်းထက်ပို၍ မရောစပ်သင့်ပေ။ အကယ်၍ ပိုမို ထည့်သွင်းမည်ဆိုပါက အဆိပ်အတောက်ကို ဒြပ်ပျယ် စေနိုင်သည့် လိုင်စင်း(Lysine)ကဲ့သို့သော ဒြပ်ပစ္စည်းကို ပိုထည့်ပေးရပါသည်။

(၁၀) မြေပဲဖတ်မှုန့် (Peanut Cake Meal)

မြေပဲဆီကြိတ်ရာမှ ရရှိသော ဘေးထွက်ကုန် ကြမ်းဖြစ်ပါသည်။ မြေပဲဖတ်များကို အမှုန့်ပြုလုပ်၍ အစာများအဖြစ် အသုံးပြုနိုင်ပါသည်။ အဟာရဓာတ်ဆိုင် ရာ အသားဓာတ်ပါဝင်မှုမြင့်မားသည့် ကုန်ကြမ်းပစ္စည်း တစ်မျိုးလည်းဖြစ်ပါသည်။ အခြားဆီထွက်နှံများမှ ရရှိနိုင် သည့် ဘေးထွက်ပစ္စည်းများလည်း များစွာရှိပါသည်။

(၁၁) စိမ်းပြာရေညှိမှုန့် (Blue Green Algal Meal)

စိမ်းပြာရောင်အုပ်စုဝင် ရေညှိပင်များမှ ပြုပြင် ထုတ်လုပ်ထားသည့်ကုန်ကြမ်းပစ္စည်းဖြစ်ပါသည်။ အထူး သဖြင့် ဤရေညှိမှုန့်အမျိုးအစားကို စပီရူလိုင်းနား(Spiru-lina)ခေါ် စိမ်းပြာရောင်ရှိ အဏုဇီဝရေညှိပင်(Microal-gae)မှ အများဆုံးထုတ်လုပ်ထားသည့် ကုန်ကြမ်းဖြစ် ပါသည်။ အဟာရဓာတ်ဆိုင်ရာ အသားဓာတ် ပါဝင်မှု ရာခိုင်နှုန်း အလွန်မြင့်မားပြီး အမိုင်နိုအက်စစ်ဓာတ်ဆိုင် ရာ ဓာတုပစ္စည်းအမျိုးအစားနှင့် အရေအတွက်မြင့်မားစွာ ပါရှိသော အစာကြေပျက်လွယ်သည့် ကုန်ကြမ်းဖြစ်ပါ သည်။ အစာများတွင် ရောစပ်အသုံးပြုသည့်အခါ ၁၅% ကို အမြင့်ဆုံးနှုန်းထားဖြင့် ရောစပ်အသုံးပြုရပါသည်။ ထိုထက်ပိုမိုများပြားလျှင် အခြေအနေနှင့် အကြောင်း တရားများပေါ်အခြေခံ၍ ရေထု၏ ဂုဏ်သတ္တိပါဝင်မှုအ ပေါ် အနည်းနှင့်အများ ပြောင်းလဲမှုကို ဖြစ်စေပါသည်။

(ခ) အကောင်ပိုင်းဆိုင်ရာကုန်ကြမ်းပစ္စည်းများ၊ (Animal Ingredients)

အကောင်ပိုင်းဆိုင်ရာ သက်ရှိ(animal organism)များ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများမှရရှိပြီး ပြုပြင် ထုတ်လုပ်ထားသောပစ္စည်းများနှင့် ဘေးထွက်ပစ္စည်း များပါဝင်ပါသည်။ ငါး၊ ပုစွန် ဖေါ်စပ်အစာများတွင် အများဆုံးလက်တွေ့ အသုံးချလျှက်ရှိသော ကုန်ကြမ်း များကို အောက်ပါအတိုင်း သိမြင်နိုင်ပါသည်။

(၁) ငါးမှုန့် (Fish Meal)

ငါးနုတ်၊ ငါးဖွဲများအပါအဝင် ရောင်းကွက်အရ တန်ဖိုးနည်းသည့် ငါးအမျိုးအစားများကို အကောင် လိုက်ပေါင်းအိုးအတွင်း ထည့်သွင်းကာ ပေါင်းတင်ပြီး အရိုးအရေများ အမှုန့်ဖြစ်သည်အထိ ကြိတ်ထားသော ကုန်ကြမ်းဖြစ်ပါသည်။ အသားဓာတ်ပါဝင်သည့် အခြေခံ အမျိုးအစားဖြစ်ပြီး ငါးအမျိုးအစား၊ အရွယ်အစားနှင့် ရာသီကာလတို့တွင် မူတည်ပြီး ကွာခြားမှုအနည်းအများ ရှိနိုင်ပါသည်။

(၂) ငါးခြောက်မှုန့် (Dry Fish Meal)

ငါးနုတ်၊ ငါးဖွဲအပါအဝင် ရောင်းဈေးအရနည်း သည့် ငါးများကိုပြုတ်၍ အခြောက်လှန်းခြင်း(သို့)တိုက် ရိုက်အခြောက်လှန်းခြင်းတို့ကို ဆောင်ရွက်ပြီး အမှုန့် ကြိတ်ထားသော ကုန်ကြမ်းပစ္စည်းဖြစ်ပါသည်။ ဆား ဓါတ်ပါဝင်မှုနှင့် ရေငွေ့ပါဝင်မှုတို့အပေါ်အခြေခံပြီး သန့်စင်မှုနှင့်အဟာရဆိုင်ရာ အသားဓာတ်ပါဝင်မှုအခြေ အနေတို့ ကွာခြားလေ့ရှိပါသည်။ အသားဓာတ် အခြေခံ ကုန်ကြမ်းပစ္စည်းဖြစ်သော်လည်း အခြောက်မခံမှီ သန့် ရှင်းလတ်ဆတ်သော အခြေအနေ၊ မျိုးစိတ်၊ အရွယ် အစားနှင့် ရာသီဥတုအခြေအနေတို့ပေါ်တွင် မူတည်ပြီး အသားဓာတ် ပါဝင်မှု(Protein Content)အနည်းအများ ကွာခြားမှုရှိကြပါသည်။

(၃) ပုစွန်ခေါင်းမှုန့် (Shrimp Head Meal)

ပြည်ပပို့ကုန်လုပ်ငန်းများမှရရှိသည့် ပုစွန်ခေါင်း ပိုင်းများ၊ ပုစွန်ခြောက်လုပ်ငန်းများမှရရှိသည့် ပုစွန်ခေါင်း ပိုင်းများကို ပြုတ်၍နေလှန်းအခြောက်ခံပြီး အမှုန့်ပြုလုပ် ရပါသည်။ အသားဓာတ်နှင့် ကယ်လစီယမ်ဓာတ် ကြွယ် ဝသော ကုန်ကြမ်းပစ္စည်း တစ်မျိုးဖြစ်ပါသည်။

(၄) ပုစွန်မှုန့် (Shrimp Meal)

ရေချိုရေငန်မှရရှိသော အရွယ်အစားသေးငယ် သည့် ပုစွန်မျိုးစိတ်များကို ပေါင်းတင်ကာ အခြောက် လှန်း၍ အမှုန့်ပြုလုပ်ရပါသည်။ အသားဓာတ်ပါဝင်မှု မြင့် မားသည့်အပြင် ကယ်လစီယမ်ဓာတ်ပါဝင်မှုလည်း မြင့် မား၍ အစာကြေပျက်လွယ်ပြီး ကြီးထားနှုန်းကို များစွာ အထောက်အကူ ဖြစ်စေပါသည်။

(၅) ပုစွန်ဖွဲ (Shrimp Dust)

ပုစွန်ခြောက်ထုတ်လုပ်မှုလုပ်ငန်းများမှ ဘေး ထွက်ပစ္စည်းအဖြစ်ရရှိသော ကုန်ကြမ်းပစ္စည်းတစ်မျိုး ဖြစ်ပြီး အသားဓာတ် နှင့်ကယ်လစီယမ်ဓာတ်မြင့်မား သော အစာကုန်ကြမ်း တစ်မျိုးဖြစ်ပါသည်။ အစာထုတ် လုပ်သူများ၊ အစာတောင့်စက်ရုံများအနေဖြင့် အဆိုပါ ကုန်ကြမ်းများအား ဧရာဝတီတိုင်း ဖျာပုံနှင့် တနင်္သာရီ တိုင်း မြိတ်တို့မှ အဓိကမှာယူလေ့ရှိကြပါသည်။

(၆) ပြည်ကြီးငါးမှုန့် (Squid Meal)

ပြည်ကြီးငါးအုပ်စုဝင် ငါးများကို ပြုတ်၍ အခြောက်ခံကာအမှုန့်ပြုလုပ်ထားပြီး အသားဓာတ် ပါဝင်မှုမြင့်မား၍ အစာကြေပျက်လွယ်သည့် ကုန်ကြမ်း ဖြစ်သည်။

(၇) ကမာမှုန့် (Oyster Meal)

ဂျင်း၊ ရှပ်၊ ကမာစသည့် မော်လပ်စကာ (Mollus-ca) အုပ်စုဝင်အကောင်များကို ပြုတ်၍အခြောက်ခံပြီး အမှုန့်ကြိတ်ထားကာ အသားဓာတ်ပါဝင်မှု မြင့်မားပါ သည်။

(၈) ခရုမှုန့် (Snail Meal)

အာဖရိကခရုအပါအဝင် ရေချိုရေငန်နှင့်ကုန်း ပေါ်နေ ခရုများကို ကြိတ်ခွဲ၍ ပြုပ်ပြီးအခြောက်ခံကာ အမှုန့်ကြိတ်၍ အသုံးပြုနိုင်ပါသည်။ အသားဓာတ်နှင့် ကယ်လစီယမ်ဓာတ် ပါဝင်မှု မြင့်မားပါသည်။ တီလားပီး ယားနှင့် ကဏန်းမွေးမြူရေးလုပ်ငန်းများတွင် များစွာကြီး ထွားနှုန်း ကောင်းစေပါသည်။

(၉) ဂုံးသားမှုန့် (Mussel Meal)

ရေချိုရေငန်ဒေသနေ ဂုံးကောင်များအထူးသဖြင့် ရေချိုဂုံးကောင်များကိုပြုတ်၍ အခြောက်ခံအမှုန့်ကြိတ် ထားသော ကုန်ကြမ်းဖြစ်ပြီး အသားဓာတ်နှင့် ကယ်လစီ ယမ်ဓာတ်ပါဝင်မှု မြင့်မားသည်။

(၁၀) အရိုး၊ အသားနှင့်သွေးခဲမှုန့် (Meat, Bone and Blood Meal)

ငါးအပါအဝင်အခြား ကြက်၊ ဝက်အစရှိသည့် တိ ရိစ္ဆာန်များ၏ အသားနှင့်အရိုးများကို နူးအောင်ပြုတ်၍ လည်းကောင်း၊ အခြောက်ခံ၍လည်းကောင်း အမှုန့်ကြိတ် ထားသည့် အစာကုန်ကြမ်းများဖြစ်ပါသည်။ ဥပမာ - ကြက်အူ၊ ကြက်ခေါင်းများ၊ နွား၊ ဆိတ်၊ သိုး အစရှိသည့် အရိုးနှင့် အခြားစွန့်ပစ်ပစ္စည်းများအား ဈေးများထဲတွင် လွယ်ကူစွာဝယ်ယူ၍ အသုံးပြုနိုင်ပါသည်။ အသားဓာတ်၊ ကယ်လစီယမ်နှင့် ဖေါ့စဖရပ်ဓာတ်များ ကြွယ်ဝစွာ ပါဝင် ကြသည်။ အလားတူ သွေးများကို ခဲအောင်ပြုလုပ်ပြီး ပေါင်းတင်ခြင်း၊ ပြုတ်ခြင်းတို့ကို ပြုလုပ်ပြီး အခြောက်ခံ အမှုန့်ပြုလုပ်၍ ထည့်သွင်းဖေါ်စပ်နိုင်ပါသည်။

(ဂ) အပင်နှင့်အကောင်တို့၏ အဆီဓာတ်ဆိုင်ရာ ကုန်ကြမ်းပစ္စည်းများ။ (Lipid or Fat)

သိပ္ပံနည်းကျထုတ်လုပ်သည်ဖြစ်စေ၊ အိမ်လုပ် အစာများတွင်ဖြစ်စေ အစာဖေါ်စပ်သည့်အခါတွင် မိမိတို့ ရင်းနှီးမြုပ်နှံနိုင်ပေါ်တွင် မူတည်၍ အလျှဉ်းသင့်သလို ကုန်ကြန်းတစ်မျိုး (သို့) တစ်မျိုးထက်ပို၍ ရောစပ်အသုံး ပြုကြပါသည်။ သို့ပါသော်လည်း ဖေါ်စပ်လိုက်သည့် အစာများသည် ထိုက်သင့်သည့် ကုန်ကြမ်းအမျိုးအစား ပေါ်မူတည်၍ အဟာရတန်ဖိုး သင့်တင့်စွာ ပါဝင်ရန်မှာ လည်း အရေးကြီးလှပါသည်။ ထိုသို့ဖေါ်စပ်သည့်အခါ မွေးမြူသတ္တဝါများအတွက် မရှိမဖြစ်လိုအပ်သည့် အဆီ ဓာတ်ဆိုင်ရာ ကုန်ကြမ်းပစ္စည်းများလည်း ပါဝင်ရောစပ် သင့်ပါသည်။ အသုံးအများဆုံး အပင်နှင့်အကောင်တို့မှ ရရှိနိုင်သည့် အဆီဓာတ်ဆိုင်ရာပစ္စည်းများအား အောက် တွင် ဖေါ်ပြထားပြီး အချိုးအစားအနည်းငယ်သာ ထည့် သွင်းဖေါ်စပ်ရပါသည်။

(၁) ငါးကြီးဆီ (Code Liver Oil)

(၂) အသည်းဆီ (Liver Oil)

(၃) ငါးကြင်းဆီ (Carp Oil)

(၄) မြေပဲဆီ (Peanut or Groundnut Oil)

(၅) နှမ်းဆီ ( Sesamum Oil)

(၆) နေကြာဆီ ( Sunflower Oil)

(၇) ပြောင်းဖူးဆီ (Corn Oil)

(၈) ဖွဲနုဆီ (Rice bran Oil)

(၉) အုန်းဆီ (Coconut Oil)

(၁၀) စားအုန်းဆီ (Palm Oil)

(၁၁) ဝါစေ့ဆီ (Cottonseed Oil)

(၁၂) ဟင်းသီးဟင်းရွက်အဆီ (Vegetable Oil)

(ဃ) ဓာတုဗေဒဆိုင်ရာဒြပ်ဝထ္ထုပစ္စည်းများ (Chemical Products)

ငါး၊ ပုစွန်နှင့်အခြားအိမ်မွေးတိရိစ္ဆာန်များလျှင် မြန်စွာ ကြီးထွားဖွံ့ဖြိုးရန်အတွက် ဓာတုဗေဒဆိုင်ရာ ဒြပ် ပေါင်းများ၊ ဓာတ်ဆားများဖြစ်ကြသည့် ဗီတာမင်၊ သတ္တု ဓာတ်ဆားများ( Vitamins/Minerals)ကိုလည်း ဖေါ်စပ် ထားသည့် ကုန်ကြမ်းပစ္စည်းများတွင် ဖြည့်စွက်အစာ(Supplementary Feed)အဖြစ်ရောနှောအသုံးပြုနိုင်ပါ သည်။ ၎င်းတို့ကို အသက်အရွယ်၊ အရွယ်အစား၊ မျိုးစိတ် တို့ပေါ်တွင် အခြေခံပြီး အသုံးပြုရခြင်းဖြစ်ပြီး အချိုးအ စားလိုအပ်မှုသည် နည်းပါးလေ့ရှိကြပါသည်။ အဆိုပါဓာ တုဗေဒဆိုင်ရာပစ္စည်းများအား မွေးမြူရေးအစာနှင့် ဆေး ဆိုင်များ၊ အခြားလူသုံးကုန်ဆေးဆိုင်များတွင် လွယ်ကူ စွာ ဝယ်ယူရရှိနိုင်ပါသည်။

ကုန်ကြမ်းပစ္စည်းတို့၏ အာဟာရဓာတ်တန်ဖိုး ပါဝင်မှု (Nutrients Value of Ingredients)

အစာကုန်ကြမ်းပစ္စည်းတိုင်းတွင် မူလအာဟာရ ဓာတ်တန်ဖိုးများ ပါဝင်လေ့ရှိကြပါသည်။ အခြေခံအား ဖြင့် အသားဓာတ် (Protein), ကစီဓာတ် (Carbohydra-te), အဆီဓာတ်(Lipid or Fat), အမျှင်ဓာတ် (Fibre),နှင့် ဓာတ်ပြာဓာတ်(Ash) ဟူ၍ ခွဲခြားဖေါ်ပြလေ့ရှိပါသည်။ ထိုအဟာရဓာတ် အမျိုးအစားများသည် မွေးမြူသတ္တဝါ တို့အတွက် ကိုယ်တွင်းဇီဝ ဖြစ်ပျက်မှုဆိုင်ရာ လိုအပ်စွမ်း အင်များ(Energy & Metabolism) ကို ထုတ်ပေးနိုင်ကြပါ သည်။ ကုန်ကြမ်းတစ်မျိုးချင်းစီ၏ ပါဝင်မှု တန်ဖိုးများကို ဓာတုဗေဒ ဆိုင်ရာနည်းလမ်းများဖြင့်လည်းကောင်း၊ ခေတ်မှီသိပ္ပံနည်းကျတိုင်းတာသည့် ကိရိယာများဖြင့် လည်းကောင်း တိုင်းတာသိရှိနိုင်ပါသည်။ အထူးသဖြင့် သိပ္ပံနည်းကျဖေါ်စပ်သည့် အစာတောင့် စက်ရုံကြီးများ တွင် အစာကုန်ကြမ်းများအား တစ်ကြိမ်ဝယ်ယူတိုင်း တစ်မျိုးချင်းစီ၏ အဟာရဓာတ်တန်ဖို ပါဝင်မှုကို ဓာတ် ခွဲစမ်းသပ်ရပါသည်။ ထိုသို့ပြုလုပ်ရန်လည်း လိုအပ်ပါ သည်။ အကြောင်းမှာ ကုန်ကြမ်းတစ်မျိုးချင်းစီ၏ အဟာ ရဓာတ်ပါဝင်မှုတန်ဖိုးသည် ထွက်ရှိရာ နေရာဒေသကွဲလွဲ မှု၊ ကုန်ကြမ်းပစ္စည်းတို့၏ သိုလှောင်ခြင်းနှင့် သက်တမ်း ကွာခြားမှု၊ ကုန်ကြမ်းထုတ်လုပ်သည့် နည်းစနစ်ကွဲလွဲမှု၊ ထုတ်လုပ်သည့်နေရာဒေသရှိ မြေဆီလွှာ၏ မြေဩဇာ ပါဝင်မှုအပြင် မိုးလေဝသနှင့် ရာသီဥတု ကွဲလွဲမှု၊ ရေငွေ့ ပါဝင်မှု အစရှိသည်တို့ပေါ်တွင် မူတည်၍ အနည်းနှင့်အ များ ကွာဟမှုများ ရှိနေနိုင်၍ ဖြစ်ပါသည်။

အစာကုန်ကြမ်းတစ်မျိုးချင်းပေါ်တွင်လည်း ကောင်း၊ တစ်မျိုးနှင့် အထက်ရောစပ်ပြီးကုန်ကြမ်းများ ပေါ်တွင်လည်းကောင်း(သို့) အစာတောင့်များပေါ်တွင် လည်းကောင်း အဓိကအားဖြင့် အသားဓာတ်ကုန်ကြမ်း ပစ္စည်း(Protein Source) နှင့် စွမ်းအင်အုပ်စု(Energy Source)ဟူ၍ ခွဲခြားသတ်မှတ်နိုင်ပါသည်။

အစာကုန်ကြမ်းတစ်မျိုးအားဓာတ်ခွဲကြည့်ပါက အသားဓာတ်ပါဝင်မှု(Protein Content) သည် အနိမ့်ဆုံး(၂၀%) နှင့်အထက်ပါရှိလျှင် ၎င်းကုန်ကြမ်းကို အသား ဓာတ်အုပ်စုဝင်(Protein Source) အဖြစ်သတ်မှတ်နိုင်ပါ သည်။ အသားဓာတ်အုပ်စုဝင် ကုန်ကြမ်းများအဖြစ် အထက်တွင် ဖေါ်ပြခဲ့သည့် အပင်ပိုင်းဆိုင်ရာများထဲမှ စိမ်းပြာရေညှိမှုန့်၊ ပဲပိစပ်မှုန့်၊ ဝါစေ့ဖတ်မှုန့်၊ ပဲဖတ်မှုန့်၊ နှမ်းဖတ်မှုန့်၊ ဘော့စကိုင်းရွက်မှုန့် နှင့်အခြားအသား ဓာတ်ပါဝင်မှုများသည့် ပဲမှုန့်အမျိုးမျိုးကို အသုံးပြုနိုင်ပါ သည်။ အကောင်ပိုင်းဆိုင်ရာများမှဆိုလျှင် ငါးမှုန့်၊ ငါး ခြောက်မှုန့်၊ ပုစွန်ခေါင်းမှုန့်၊ ပြည်ကြီးငါးမှုန့်၊ ကမာမှုန့်၊ ခရုမှုန့်၊ ဂုံးသားမှုန့် နှင့်အခြားအရိုးအသားမှုန့်တို့သည် အသားဓာတ်တန်ဖိုးမြင့်မားသည့်အတွက်လည်း အသား ဓာတ်အုပ်စုဝင်ကုန်ကြမ်းများအဖြစ် သတ်မှတ်အသုံး ပြုနိုင်ပါသည်။

အကယ်၍ ဓာတ်ခွဲစမ်းသပ်ကြည့်ပါက အသား ဓာတ်ပါဝင်မှုသည် (၂၀%)အောက်နှင့် အမျှင်ဓာတ်ပါ ဝင်မှုသည် (၁၈%) အောက် လျှော့နည်းပါဝင်နေလျှင် အဆိုပါကုန်ကြမ်းများအား စွမ်းအင်ဓာတ်အုပ်စုဝင်(Ener-gy Source)အဖြစ်သတ်မှတ်နိုင်ပါသည်။ အပင်ပိုင်းဆိုင် ရာတို့မှ ရရှိသည့် ဖွဲနု၊ ဂျုံဖွဲနု၊ ပြောင်းဖူးမှုန့်၊ ပလောပီ နံမှုန့် အစရှိသည်တို့သည့် စွမ်းအင်အုပ်စုဝင်ကုန်ကြမ်း များ ဖြစ်ကြပြီး အပင်နှင့်အကောင်ပိုင်းဆိုင်ရာတို့မှ ထုတ်လုပ်သည့် အဆီ(Lipid) အမျိုးမျိုးကိုလည်း စွမ်းအင်အုပ်စုဝင် ကုန်ကြမ်းအဖြစ် အသုံးပြုနိုင်ပါသည်။

အစာကုန်ကြမ်းတစ်မျိုးထက်ရောစပ်၍ ထုတ် လုပ်လျှင် အနည်းဆုံးအသားဓာတ်ပါဝင်မှု (၂၀%) နှင့် အထက် ရရှိနေစေရန် တစ်မျိုးချင်း၏ အာဟာရဓာတ် တန်ဖိုးပါဝင်မှုအား အခြေခံ၍ ပြန်လည်တွက်ချက်ကာ ဖေါ်စပ်ရပါသည်။ သို့မှသာ မွေးမြူသတ္တဝါများ၏ ကြီး ထွားနှုန်းကို ထောက်ကူဖြစ်စေနိုင် မည်ဖြစ်ပါသည်။ ဆို လိုသည်မှာ ဥပမာ- ဖွဲနုမှုန့်တစ်မျိုးတည်းကိုသာ ကျွေး မွေးခြင်းဖြင့် ကြီးထွားနှုန်းကို နှေးစေနိုင်ပါသည်။ အ ဘယ့်ကြောင့်ဆိုသော် ဖွဲနုမှုန့်၏ အသားဓာတ်ပါဝင်မှု သည် ၂၀% အောက်၊ ၁၂ မှ အများဆုံး ၁၅ % ထိသာပါ ဝင်သည့်အတွက် စွမ်းအင်အုပ်စုဝင်ဖြစ်ပါသည်။ စွမ်းအင် အုပ်စုဝင် ကုန်ကြမ်းတစ်မျိုးတည်းကိုသာ ကျွေးနေပါက အသက်ရှင်လှုပ်ရှားနိုင်ရုံသာ ထောက်ကူဖြစ်ပြီး အချိန် တစ်ခုအတွင်း ကြီးထားနှုန်းကိုမူ နှောင့်နှေးစေနိုင်ပါ သည်။

အလားတူ အသားစားအုပ်စုဝင်များ ဖြစ်ကြသည့် ရေချို ရေငန်ပုစွန်များ၊ ကဏန်းနှင့် ကကတစ်ကဲ့သို့ မွေး မြူရေးလုပ်ငန်းများတွင် ကျွေးမွေးမည့် အစာကုန်ကြမ်း များသည် အသားဓာတ်အုပ်စုဝင် ကုန်ကြမ်းများအား ဇောင်းပေး၍ ဖေါ်စပ်သင့်ပါသလို အစာတစ်ယူနစ် ကုန် ကျစရိတ်မှာလည်း အထိုက်အလျှောက်မြင့်မားနိုင်ပါ သည်။

သို့ပါ၍ မွေးမြူမျိုးစိတ်အမျိုးအစား၊ အသက်အ ရွယ်၊ အရွယ်အစားတို့ပေါ်အခြေခံ၍ သင့်တင့်မျှတသည့် အစာများ ပြုပြင်ဖေါ်စပ်နိုင်ရန်သည် လွန်စွာမှအရေးကြီး သလို ဖေါ်ပြခဲ့ ပြီးသော အခြေခံအချက်များသည်လည်း သိထားသင့်သည့် အကြောင်းအရာများ ဖြစ်ပါသည်။ သို့မှ သာ မွေးမြူသတ္တဝါများသည် ပုံမှန်ရှင်သန်ကြီးထွားဖွံ့ဖြိုး ကာ စီးပွားရေးအရ အကျိုးအမြတ်များကို ပိုမိုခံစားနိုင်ကြ မည်ဖြစ်ပါသည်။ (အလျှဉ်းသင့်ပါက အစာများဖေါ်စပ် ထုတ်လုပ်သည့် နည်းပညာပိုင်းဆိုင်ရာ အခြေခံအချက် များအား ရေးသားမျှဝေသွားပါဦးမည်)

အချုပ်အားဖြင့်ဆိုရသော် မြန်မာနိုင်ငံနေရာဒေ သအသီးသီးတွင် ရာသီကာလအလိုက် ရရှိနိုင်သည့်အပင် ပိုင်းဆိုင်ရာနှင့် အကောင်ပိုင်းဆိုင်ရာ အစာကုန်ကြမ်း ပစ္စည်းများအား နည်းလမ်းမှန်ကန်စွာ အသုံးချသွားနိုင် ခြင်းအားဖြင့် ရေသတ္တဝါ မွေးမြူရေး လုပ်ငန်းများတွင် သာမက အခြားအိမ်မွေးတိရိစ္ဆာန် လုပ်ငန်းများတွင် အောင်မြင်မှု ရရှိနိုင်လိမ့်မည်ဟု မျှော်လင့်ရင်း ဤနည်း ပညာဆိုင်ရာစာစုအား အဆုံးသတ်ပါသည်။

 

ကိုးကား၊

ဆရာဦးအောင်ကြည်၊ မဟာသိပ္ပံ၊ ငါးပုစွန်အစာလက်တွေ့ဖေါ်စပ်ကျွေးမွေးနည်း။

Animal Nutrition & Feed Rations, Infonet Biovision Home.

Assessment of existing and potential feed resources for improving aquaculture production is selected Asian and African countries, World Fish.