မုတ္တမပင်လယ်ကွေ့ဒေသသည် ငါးသယံဇာတ လွန်စွာပေါကြွယ်ဝပြီး မြန်မာနိုင်ငံ ၄ ခုမြောက် ရမ်ဆာရေဝပ်ဒေသအဖြစ် (၂၀၁၇)ခုနှစ်တွင် သတ်မှတ်ခဲ့ပြီး (၂၀၂၀) ခုနှစ်တွင် ထပ်မံတိုးချဲ့ကာ သယံဇာတထိန်း သိမ်းရေးလုပ်ငန်းများကို အရှိအဟုန်မြှင့် ဆောင်ရွက်လာခဲ့သည်။ သို့သော်လည်း လူသားတို့၏ အစွန်းရောက်ကိုယ်ကျိုးစီးပွါး ရှာခြင်းကြောင့် ထိုဒေသ၏ ငါးသယံဇာတများ ပျက်စီးဆုံးရှုံးရမည့် အခြေအနေနှင့် ရင်ဆိုင်နေရပါသည်။ ထိုအခြေအနေများကို ဖြေရှင်းနိုင်ရန်အတွက် မွန်ပြည်နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မွန်ပြည်နယ်ငါလုပ်ငန်းဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ရေလုပ်သားဖွံ့ဖြိုးရေးအဖွဲ့တို့ ပူးပေါင်းဆောင် ရွက်သည့် မုတ္တမပင်လယ်ကွေ့အတွင်း ကင်းလှည့် စစ်ဆေးခြင်း လုပ်ငန်းစဉ်ကို သြဂုတ်လ ၂၉ ရက်နေ့တွင် ဆောင်ရွက်ခဲ့ပါသည်။
ကင်းလှည့်စစ်ဆေးခြင်း၏ အဓိကရည်ရွယ်ချက်မှာ မုတ္တမပင်လယ်ကွေ့အတွင်းရှိ ရေလုပ်သားများသည် စုပေါင်းစီမံခန့်ခွဲခြင်းဖြင့် တရားမဝင် ငါးဖမ်းပိုက်များကြောင့် ငါးသယံဇာတများ လျော့နည်းလာခြင်းမှ ကာကွယ်ရန် ဖြစ်သည်။ ကင်းလှည့် စစ်ဆေးခြင်းလုပ်ငန်းကို ၂၀၁၇ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့တိုင်ပင် ဆက်လက် ဆောင်ရွက်ဆဲ ဖြစ်ပါသည်။
မုတ္တမပင်လယ်ကွေ့အတွင်း ကင်းလှည့်စစ်ဆေးသည့် ပူးပေါင်းအဖွဲ့သည် ဘီးလင်းမြို့နယ်အပိုင် ငါးဖမ်းဧရိယာ ရေပြင်အတွင်း ဝင်ရောက်စစ်ဆေးခဲ့ရာ တစ်လက်မအောက် တရားမဝင်ငါးဖမ်းပိုက် (ဒေသခအခေါ် သံဇကာပိုက်) များကိုအသုံးပြုနေသည့် ရေလုပ်သားပိုင်ရှင် အပါအဝင် စုစုပေါင်း (၁၂) ဦးအား လှေနှစ်စီး သက်သေခံ ပစ္စည်းများနှင့်အတူ အနိုင်သောင်တွင် ဖမ်းဆီးရမိခဲ့သည်။ သံဇကာပိုက်တန်း၏အရှည်မှာ ပေ (၁၀,၈၀၀) ရှိပြီး နှစ်မိုင်ခန့်ရှည်လျားသည်။ တရားမဝင် သံဇကာပိုက်အသုံးပြုသော ရေလုပ်သားများသည် နိုင်ငံရေးမတည်ငြိမ်းမှု နှင့် ကိုဗစ်ရောဂါဖြစ်ပွါးနေသည့် ကာလအတွင်း ကင်းလှည့်စစ်ဆေးခြင်းလုပ်းငန်း မလုပ်ဆောင်နိုင်သည့် အခြေအနေကို အခွင့်ကောင်းယူကာ တရားမဝင်သံဇကာပိုက်များကို ပိုမိုအသုံးပြုလာကြသည်။ မျှောပိုက် အသုံးပြုသည့် ဒေသခံရေလုပ်သားငယ်များ၏ ပြောပြချက်အရ “သံဇကာပိုက်နဲ့ သုံးပြီး ငါးဖမ်းတဲ့သူတွေက လူငှားအလုပ်သမား များတယ်။ သူတို့ပိုက်တန်းတွေနား ငါးလာဖမ်းရင် မောင်းထုတ်တယ် ပြီးတော့ ကျနော်တို့ မျှောပိုက်တွေက သူတို့ထောင်ထားတဲ့ ပိုက်တိုင်တွေနဲ့ငြိတဲ့အခါ ပြတ်ကျ ကုန်တယ် ဒါကြောင့် သူတို့အနားမှာ ဘယ်သူမှသွားမဖမ်းကြဘူး ပြီးတော့ သူတို့အဲ့လိုနေရာယူဖမ်းလိုက်ရင် အဲ့အနားမှာ အနည်းဆုံး ရေလုပ်သားငယ် (၂၀) လောက်က ငါးဖမ်းလို့မရတော့ဘူး အရမ်းနစ်နာ တာပေါ့” ဟု ပြောပြခဲ့သည်။
တရားမဝင် တစ်လက်မအောက် သံဇကာပိုက်များကို အသုံးပြုသူတို့မှာ ကျိုက်ထိုမြို့မှ အများဆုံးဖြစ်သည်။ “သံဇကာပိုက်တွေကို အများဆုံးသုံးတာက ကျိုက်ထိုမြို့ပေါ်ရပ်ကွက် တောင်ပိုင်းနဲ့ ကံ့ကော်ရပ်ကွက်က ရေလုပ်သားတွေများတယ် သူတို့အဲ့လိုတွေဖမ်းနေကြလို့ တစ်ခြားရေလုပ်သားငယ်တွေ အများကြီး နစ်နာနေရတာပေါ့ သူတို့ကငွေကြေးလည်း ပြည့်စုံတယ် လူငှားလုပ်သားလည်းများတော့ အဖွဲ့တောင့်တယ်။ လုပ်ချင်သလိုတွေ လုပ်နေကြတာ အခုကင်းလှည့်အဖွဲ့လာလို့ သူတို့ပစ္စည်းတွေကို ဖမ်းပြီးမီးရှို့လိုက်လည်း သူတို့ကမမှုဘူး။ နောက်ပိုင်းမှာ အသစ်တစ်စုံထပ်မှာထားပြီးပြီ တစ်ကယ်ငါးအထိအမိကောင်းရင် တစ်ရေတည်းနဲ့ အရင်းကြေတယ်လေ အဲ့တော့သူတို့ ဒီလုပ်ငန်းကိုပဲဆက်လုပ်မှာပေါ့” ဟု မွန်ပြည်နယ်ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဌ ဦးခင်မောင်ရီမှ သူ၏လေ့လာတွေ့ရှိမှုကို ပြန်လည်ပြောပြခဲ့သည်။
သံဇကာပိုက်များ အသုံးပြုဖမ်းဆီးခြင်းကြောင့် ငါးသယံဇာတများ အလျင်အမြန်လျော့နည်းလာပြီး ဒေသခံ ရေလုပ်သားတို့၏ မိသားစု စားဝတ်နေရေကိုလည်း များစွာထိခိုက်နစ်နာမှုများ ဖြစ်စေပါသည်။ “ငါးဖမ်း လုပ်ငန်း လုပ်ကိုင်တာ (၁၀)နှစ်ကျော်ရှိပြီ။ အရင် (၂၀၁၈-၁၉) ခုနှစ်လောက်က ငါးအရများသေးတယ်။ ဒီနှစ်မှာတော့ လုံးဝမရတော့ဘူး။ သံဇကာပိုက်တွေအသုံးများလာလို့ ငါးမရတော့တာ။ သံဇကာပိုက် သုံးတဲ့ သူတွေက လူငှားများများသုံးတော့ သူတို့နဲ့တွေ့လည်း ဘာမှမပြောရဲဘူးလေ။ အရင်က သံဇကာပိုက်သုံးတဲ့သူတွေကို စစ်ဆေးဖမ်းဆီးတာတွေလုပ်တော့ သူတို့နဲနဲလျော့သွားသေးတယ်။ အခုတော့ ပြန်သုံးလာ ကြပြန်ပြီ။ သံဇကာပိုက် သုံးပြီးဖမ်းတော့ ငါးသေးသေးလေးတွေကအစ သောင်ပေါ်တင်တဲ့ငါးအားလုံး မိတယ်။ ငါးကြီးတွေကို ရောင်းတယ်။ ငါးသေးသေးလေးတွေကို ငါးပိလုပ်တယ်။ သံဇကာပိုက်မရှိအောင် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဆောင်ရွက်ပေးသင့်တယ်လို့” ကိုးတဲ့စုကျေးရွာမှ မျှောပိုက်ဖြင့်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပြ ပါတယ်။
အကယ်၍ သက်ဆိုင်ရာအဖွဲ့အစည်းများက ထိုသံဇကာပိုက်အသုံးပြုသူများကို ထိရောက်စွာ ဖမ်းဆီးအရေး ယူခြင်းမပြုလုပ်ပါက မုတ္တမပင်လယ်ကွေ့အတွင်း ငါးသယံဇာတပြုန်းတီးမှုအန္တရာယ်နှင့် ရင်ဆိုင်ကြုံ တွေ့ရမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ ထိုသို့ဖြစ်ပေါ်လာပါက ဒေသခံရေလုပ်သားများ၏ စားဝတ်နေရေးကိုထိခိုက်ရုံမျှမက အလုပ်အကိုင်ရှားပါးမှုပြဿနာများနှင့်လည်း ရင်ဆိုင်ကြုံတွေ့ရမည်ဖြစ်သည်။ သဘာဝ သယံဇာတများပျက်စီးဆုံးရှုံးခြင်းသည် သဘာဝအရင်းအမြစ်များအပေါ်တွင် သာမက လူသားတို့အပေါ် အထူးသဖြင့် ကမ်းရိုးတန်းတစ်လျှောက် ရေလုပ်ငန်းကို မှီခိုအသက်မွေးဝမ်းကြောင်းပြုသူများ ကြီးမားစွာ ထိခိုက်နစ်နာမှု ဖြစ်စေပါသည်။ ထို့ကြောင့် မုတ္တမပင်လယ်ကွေ့ဒေသတွင်းရှိ သယံဇာတများ ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် ကျွန်တော်တို့အားလုံး၏ တာဝန်ပင်ဖြစ်ကြောင်း ဤဆောင်းပါးဖြင့် ရေးသားတင်ပြအပ်ပါသည်။