မုတ္တမပင်လယ်ကွေ့ဒေသအား ဆောင်းခိုငှက်များ၊ ငါးနှင့် အခြားဇီဝမျိုးစုံမျိုးကွဲများအတွက် မြန်မာ နိုင်ငံရှိ အကျယ်ပြန့်ဆုံးနှင့် အထူးခြားဆုံး ဒီရေအတက်အကျရှိသည့် ရွှံ့လတာပြင်အဖြစ် သတ်မှတ် ကြသည်။ ၎င်းတွင်ရှိသည့် သယံဇာတအရင်းအမြစ်ပေါကြွယ်ဝသောရွှံ့လတာပြင်များသည် မျိုးသုဉ်း ပျောက်ကွယ်လုနီးပါး ရေညှောက်နှုတ်ဝိုင်းငှက် (Calidris pygmaea)၊ မျိုးသုဉ်းမည့်အန္တရာယ် ကြုံတွေ့နေရသည့် ခြေစိမ်းရေညှောက်ငှက် (Tringa guttifer) နှင့် Great Knots (Calidris tenuirostris) တို့အပါအဝင် ခန့်မှန်းခြေ ၁၅၀,၀၀၀ မှ ၂၀၀,၀၀၀ ခန့်ရှိသည့် ရေပျော်ငှက်များ အတွက် ဆောင်းခိုရာနေရာများ ဖြစ်ကြသည်။ မုတ္တမပင်လယ်ကွေ့ဒေသတွင် ရေပျော်ငှက်မျိုးစိတ် ၇၀ ကျော်ရှိကြောင်း မှတ်တမ်းတင်ထားပြီးဖြစ်သည်။ ရေညှောက်နှုတ်ဝိုင်းငှက်များသည် မုတ္တမ ပင်လယ်ကွေ့ဒေသအတွက် အရေးကြီးသည့်ငှက်မျိုးစိတ်ဖြစ်ပြီး ရုရှားနိုင်ငံတွင် သားပေါက်ကာ အရှေ့-အာရှ ဩစတြေးလျပျံသန်းရာလမ်းကြောင်းတစ်လျှောက်ပျံသန်းလျက် ကီလိုမီတာ ၈၀၀၀ ကျော်ကွာဝေးသည့် တောင်နှင့် အရှေ့တောင်အာရှဒေသများတွင် နှစ်စဉ် လာရောက်ဆောင်းခို ကြသည်။ တစ်ကမ္ဘာလုံးတွင် ငှက်ကောင်ရေပေါင်း အဖိုအမအစုံ ၁၂၀ မှ ၂၀၀ အထိရှိရာ ၅၀ ရာခိုင်နှုန်းကျော်က ဆောင်းတွင်း၌ မြန်မာနိုင်ငံရှိ မုတ္တမပင်လယ်ကွေ့ဒေသတွင် နှစ်စဉ် လာရောက် ကြကြောင်း သိရှိရသည်။ အရေးပါလှသည့် ဆောင်းခိုရာဖြစ်သော မုတ္တမပင်လယ်ကွေ့ဒေသသည် အကောင်ရေအနည်းငယ်သာကျန်တော့သော တိရစ္ဆာန်မျိုးစိတ်များ အသက်ရှင်နေထိုင်နိုင်ရေး အတွက် ပဓာနကျလွန်းလှပါသည်။
ဆောင်းခိုငှက်များအတွက် မုတ္တမပင်လယ်ကွေ့ဒေသ၏အရေးပါမှုကို သိရှိသောကြောင့် စီမံချက် သည် Biodiversity and Nature Conservation Association (BANCA)၊ Nature Conservation Society (NCS) နှင့် အခြားကျွမ်းကျင်ပညာရှင်များနှင့်ပူးပေါင်း၍ ဆောင်းခိုငှက်များကို နှစ်စဉ် စစ်တမ်းကောက်ယူရာတွင် ကူညီဆောင်ရွက်ပါသည်။ ပုံမှန်စစ်တမ်းကောက်ယူမှုများအပြင် ဆောင်းခိုငှက်များအား ပစ်ခတ်ခြင်းနှင့် ဈေးတွင်ရောင်းဝယ်ဖောက်ကားခြင်းတို့ကို ဒေသခံများနှင့် အတူတကွပူးပေါင်း၍ ကင်းလှည့်စစ်ဆေးခြင်းကိုလည်း ဆောင်ရွက်ပါသည်။ ထို့ပြင် စီမံချက်က ငှက်ပစ်သမားများအတွက် တစ်ဖက်တစ်လမ်းဝင်ငွေရ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများဖြင့် ကူညီပေးပြီး BANCA က ငှက်များအား ထိန်းသိမ်းကာကွယ်နိုင်ရေးနှင့် မုတ္တမပင်လယ်ကွေ့ဒေသတွင် ငှက်များထပ်မံမဖမ်းဆီးကြရေးအတွက် ငှက်စောင့်ကြည့်သူများအဖြစ် လေ့ကျင့်သင်ကြားပေး ခဲ့သည်။ ဆောင်းခိုငှက်များ လာရောက်သည့်ရာသီ၊ ရှာဖွေစားသောက်ပုံ၊ ငှက်အိပ်တန်းများ၊ ငှက်များ အကြောင်း ဒေသန္တရဗဟုသုတနှင့် ၎င်းတို့ကျက်စားရာနေရာများနှင့် ပတ်သက်သည့် အကြောင်း အရာများကို ယခင်ငှက်ပစ်သမားများထံမှ လေ့လာသိရှိနိုင်သောကြောင့် ယခုအခါ ထိုငှက်ပစ်သမား များသည် BANCA နှင့် NCS တို့မှ ဆောင်းခိုငှက်များအားစစ်တမ်းကောက်ယူသည့်အဖွဲ့များ လာရောက်သည့်အခါ လှေဖြင့်လိုက်လံပို့ဆောင်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိနေပြီ ဖြစ်သည်။ အကူအညီပေးသည့်အဖွဲ့အစည်းများကလည်း ငှက်ပစ်ခြင်း သိသိသာသာလျော့ကျရေး အတွက် ဤအပြန်အလှန်ဆက်ဆံရေးကို ထိန်းသိမ်းဆောင်ရွက်သွားပါမည်။
