ကမ္ဘာပေါ်တွင် အရေးကြီးဆုံးနှင့် အလွန်တရာထူးခြားလှသည့် ဒီရေအတက်အကျရှိသော ရေဝပ် ဒေသများအနက် မုတ္တမပင်လယ်ကွေ့ဒေသလည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ထိုသို့ထူးခြား၍ လည်း ၂၀၁၇ ခုနှစ်တွင် ရမ်ဆာဒေသအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါသည်။ မုတ္တမပင်လယ်ကွေ့ဒေသ သည် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်လိုအပ်သည့် အရေးပါသော သက်ရှိများနှင့် မျိုးစိတ်များ မှီခိုရာအသိုက်အမြုံ၊ စီးပွားရေးအရအရေးပါသည့် ရေလုပ်ငန်းများ ဆောင်ရွက်ရာနေရာ၊ ထိုဒေသ တွင်ရှိသည့် သဘာဝသယံဇာတအရင်းအမြစ်များအပေါ် မှီခိုနေရသည့် ဒေသခံပြည်သူများ အားထား ရာနေရာလည်း ဖြစ်ပါသည်။ ထိုဒေသရှိ သယံဇာတများနှင့် ဒေသခံပြည်သူများသည် အခက်အခဲ များစွာနှင့် ကြုံတွေ့နေရပါသည်။ ငါးသယံဇာတ လျော့နည်းလာခြင်း၊ ဆောင်းခိုငှက်များအား ဖမ်းဆီးပစ်ခတ်ခြင်း၊ ကျက်စားရာနေရာ ရှားပါးပျက်စီးလာခြင်း၊ ဒေသခံပြည်သူများအတွက် အလုပ် အကိုင်အခွင့်အလမ်းနှင့် ဝန်ဆောင်မှုများ အကန့်အသတ်ရှိခြင်း၊ ပင်လယ်ကွေ့၏ အနောက်ဘက် ကမ်းတစ်လျှောက် ဆိုးဝါးပြင်းထန်လှသည့်မြေပြိုမှုကြောင့် စိုက်ပျိုးမြေများ ပျက်စီးဆုံးရှုံးခြင်းနှင့် ဒေသခံများ နေရာရွှေ့ပြောင်းနေထိုင်ရခြင်းတို့ ဖြစ်ပါသည်။
မုတ္တမပင်လယ်ကွေ့ဒေသရှိ သဘာဝသယံဇာတများနှင့် ဒေသခံပြည်သူများ၏ လူနေမှုဘဝများကို ကာကွယ်စောင့်ရှောက်နိုင်ရန်အလို့ငှာ ဂေဟစနစ်များ၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများနှင့် အုပ်ချုပ်ထိန်းသိမ်းမှုတို့ကို စီမံဆောင်ရွက်ပေးရမည်ဖြစ်သည်။ မြန်မာနိုင်ငံအစိုးရကလည်း မုတ္တမ ပင်လယ်ကွေ့ဒေသအား စနစ်တကျကိုင်တွယ်ဖြေရှင်းခြင်း၏ အရေးပါပုံကို အသိအမှတ်ပြု လက်ခံထားပြီးဖြစ်ပါသည်။ ထိုနည်းတူစွာပဲ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ ကမ်းရိုး တန်းဒေသဆိုင်ရာအဖွဲ့အစည်းများ၊ တက္ကသိုလ်များ၊ ပုဂ္ဂလိကကဏ္ဍနှင့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများကလည်း အလွန်အမင်း စိတ်ဝင်စားကြပါသည်။ ထိုသို့အားပေးထောက်ခံမှုများသည် မုတ္တမပင်လယ်ကွေ့ဒေသအတွက် ထိရောက်မှုရှိသည့် သဘာဝသယံဇာတစီမံခန့်ခွဲရေးကို အကောင် အထည်ဖော်နိုင်ရန် အခွင့်အလမ်းကောင်းပင်ဖြစ်ပါသည်။